မျှော်ကြည့်ခြင်း အိုင်ဒီယော်လော်ဂျီ
- Revolution 4.0
- Aug 7, 2021
- 2 min read

ကမ္ဘာကြီးရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီတွေဟာ ပြီးပြည့်စုံနေတဲ့ အတွေးအခေါ်နဲ့စနစ်တွေတော့မဟုတ်ဘူး။ idealogyတွေဟာ ခေတ်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး အမြဲတမ်း အပြောင်းအလဲတွေဖြစ်နေခဲ့တယ်။ တစ်ခါတုန်းက နာမည်ဆိုးနဲ့ကျော်ကြားပြီး ခပ်ရေးရေးသာ ခေတ်စားခဲ့တဲ့ capitalismဆိုတဲ့ အရင်းရှင်စနစ်ဟာ အခုအခါမှာတော့ နိုင်ငံအများစုရဲ့ mainstream ideologyတစ်ခုအဖြစ် ရောက်ရှိနေခဲ့ပြီး၊ capitalismကို ၂၀ရာစုတစ်ခုလုံး check and balanceဆိုပြီး အထိန်းအထေလုပ်ခဲ့ကြတဲ့ socialismလို့ခေါ်တဲ့ ဆိုရှယ်လစ်စနစ်ဟာလည်း အတော်ကိုဟောင်းနွမ်းပျက်စီးသွားခဲ့ပါပြီ။ ဒါကြောင့် ခေတ်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး နိုင်ငံရေး အတွေးအခေါ်တွေက အမြဲပြောင်းလဲနေခဲ့တာဖြစ်တယ်။
အခုတစ်ခါမှာလည်း မေရိကန်နဲ့အနောက်အုပ်စုတွေဦးဆောင်နေကြတဲ့ Liberalismဟာလည်း ပြီးပြည့်စုံတဲ့စနစ်တစ်ခုမဟုတ်ကြောင်း ပညာရှင်တွေက ခပ်စိတ်စိတ်ဝေဖန်နေကြတာ အတော်ကိုကြာခဲ့ပါပြီ။ တစ်ချို့ကဆို Liberal Democracyကိုအစားထိုးနိုင်မယ့် သို့မဟုတ် အထိန်းအထေလုပ်နိုင်မယ့် နောက်ထပ် idealogyတစ်ခုကိုတောင် တောင်းဆိုသင့်ပြီဆိုပြီး ဆွေးနွေးကြတာမျိုးလည်းအများကြီးရှိခဲ့တယ်။ အနာဂတ် ideologyအကြောင်းပြောမယ်ဆိုရင် Francis Fukuyama(ဖရန့်စစ်ဖူကူးယားမား)ရဲ့ The Future of historyဆိုတဲ့စာအုပ်က အတော်နာမည်ကြီးတယ်။ ဖူကူးယားမားရဲ့ ပထမဆုံးနာမည်ကြီးခဲ့တဲ့စာအုပ်ကတော့ The End of History and the Last Manဆိုတဲ့စာအုပ်ပါ။
The Future of historyဆိုတဲ့စာအုပ်ထဲမှာ ဖူးကူးယားက Karl Marx(ကားမစ့်)ရဲ့ အတွေးအခေါ်နဲ့စတင်မိတ်ဆက်တယ်။ ကားမစ့်က တစ်ကယ်လို့ idealogyတစ်ခုဟာ လူအများစုရဲ့ထောက်ခံမှုရမယ်ဆိုရင် အဲ့ဒီစနစ်ဟာ အောင်မြင်လိမ့်လို့ပြောခဲ့တယ်။ ကားမစ့်တို့ခေတ်တုန်းကတော့ အဓိက လူတန်းစားနှစ်ခုရှိခဲ့တယ် ပထမတစ်မျိူးက ဘူဇွာလူတန်းစားနဲ့ ဒုတိယတစ်မျိုးက အလုပ်သမားလူတန်းစား။ ကားမစ့်ရဲ့ကောက်ချက်ထဲမှာတော့ အရင်းရှင်စနစ်ရဲ့ မူရင်းမွေးရာပါဖိနှိပ်မှုတွေကြောင့် ကမ္ဘာကြီးမှာ ဘူဇွာတွေဟာ နည်းသထက်နည်းလာပြီး၊ အဖိနှိပ်ခံအလုပ်သမားတွေကတော့ များသထက်များလာလိမ့်မယ်။ အဲ့ဒီများပြားလာမယ့် အဖိနှိပ်ခံအလုပ်သမားတွေဟာ နှောင်ကြိုးမှတစ်ပါးအခြားဆုံးရှုံးစရာမရှိတဲ့အတွက်ကြောင့် သူတို့ဟာပစ္စည်းမဲ့တွေဖြစ်ကြတယ်။ ဒါကြောင့်လည်း လူအများစုဖြစ်တဲ့ အလုပ်သမားတွေအတွက် ပစ္စည်းမဲ့အာဏာရှင်စနစ်တည်ထောင်ရမည်ဆိုပြီး ကွန်မြူနစ်စနစ်ကိုစတင်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကမ္ဘာကြီးဟာ မာစ့်ပြောသလို ဖြစ်မလာခဲ့ပဲ အလုပ်သမားလူတန်းစားဟာ အရည်အချင်းအရရော၊ အရည်အတွက်အရပါ အကျဘက်ရောက်လာခဲ့တယ်။ ဒီလိုနဲ့မာစ့်ရဲ့တွက်ကိန်းမှားသွားပြီး သူပြောတဲ့အလုပ်သမားလူတန်းစားတွေ အစား ပညာတတ်လူတန်းစားနဲ့လူလတ်တန်းစားတွေသာကြီးထွားလာခဲ့တယ်။ မာစ့်တို့ခေတ်တုန်းကတော့ လူ့အဖွဲ့အစည်းဟာ Pyramid shapeလို့ခေါ်တဲ့ အပေါ်မှာချမ်းသာသူကနည်းနည်း အောက်မှာအဖိနှိပ်ခံကများများဖြစ်ခဲ့ပေမယ့်၊ ၂၀ရာစုနှောင်းပိုင်းနဲ့၂၁ရာစုတို့မှာ လူ့အဖွဲ့အစည်းဟာ Diamond shapeဘက်ကို ကူးပြောင်းလာခဲ့တယ်။ စိန်တုံးရဲ့သဘောက အပေါ်ချွန် အောက်ချွန်ပေမယ့် အလယ်မှာကားထွက်ပြန့်ကျဲနေတယ်။ အဲ့ဒီလိုကားထွက်ပြန့်ကျဲနေတဲ့ လူလတ်တန်းစားဖြစ်တဲ့ လူအများစုတွေအတွက် ကိုယ်စားပြုတာဟာ Liberal Democracyဖြစ်တာကြောင့် အခုချိန်ထိ ကမ္ဘာ့နိုင်ငံရေး mainstreamပေါ်မှာ Liberalismက တောင့်တောင့်တင်းတင်းရပ်တည်နိုင်ခဲ့တာဖြစ်တယ်။
ဒါပေမဲ့ Liberalismဟာ တစ်ချိန်တုန်းကတော့ လူများစုဖြစ်တဲ့ လူလတ်တန်းစားကို ကိုယ်စားပြုခဲ့ပေမယ့် အခုချိန်မှာတော့ သူကိုယ်စားပြုတဲ့အရာက နှစ်ခုပဲရှိတော့တယ်။ အဲ့ဒီလိုဖြစ်ရတာလည်း ဘာလင်တံတိုင်းပြိုကျပြီးနောက်ပိုင်း အရင်းရှင်စနစ်ကနေ မွေးထုတ်လိုက်တဲ့ အကြောင်းအရာနှစ်ခုကြောင့်ဖြစ်တယ်။ ပထမတစ်ခုက Globalizationလို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ပြီး ဒုတိယတစ်ခုကတော့ Technologyလို့ခေါ်တဲ့ နည်းပညာကြောင့်ဖြစ်တယ်။ Globalizationပေါ်လာတော့ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ကိုထိန်းချုပ်တဲ့ Global Eliteလို့ခေါ်တဲ့ လူမျိုးတွေပေါ်လာတယ် ဥပမာ Warren Buffetလိုလူမျိုးတွေ။ တစ်ခါ Technologyအားကောင်းလာတော့ Techno Eliteတွေထပ်ပေါ်လာတယ် ဥပမာ Bill Gateလိုလူမျိုးတွေ။ Liberalismဟာ မူလက လူလတ်တန်းစားဖြစ်တဲ့ လူအများစုအတွက် ကိုယ်စားပြုခဲ့သော်လည်း နောက်ပိုင်းရောက်တော့ Global Eliteနဲ့ Techno Eliteတွေက Liberalအထိုင်ပေါ်ကနေ သူတို့ထိန်းချုပ်နိုင်မှုစွမ်းရည်နဲ့ လွှမ်းမိုးနိုင်မှုစွမ်းရည်ကို ပိုပြီးတိုးချဲ့လာကြတဲ့အတွက် Liberalismဟာ လူနည်းစုဖြစ်တဲ့ တက္ကနိုအီလစ်နဲ့ဂလိုဘယ် အီလစ်တွေအတွက်ပဲဖြစ်လာတယ်။ ဒါကြောင့် Diamond Shapeဖြစ်နေတဲ့ လူ့အဖွဲ့အစည်းမှာ Liberalismက လူအများစုဖြစ်တဲ့ လူလတ်တန်းစားကို ကိုယ်စားမပြုနိုင်တဲ့အခါ လူလတ်တန်းစားတွေက နောက်ထပ် idealogyတစ်ခုကို ခေတ်ရဲ့ လိုအပ်ချက်အရ အဖြစ်မနေတောင်းဆိုလာရတော့တယ်။ ဖူကူးယားမားရေးတဲ့စာအုပ်ထဲမှာတော့ နောင်အနာဂတ်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေး ideologyဟာ Communismနဲ့လည်း မတူဘူး၊ Liberalismနဲ့လည်းမတူဘူး။ ဒါပေမဲ့ Liberalismရဲ့ တစိတ်တပိုင်းတော့ ပါ၀င်နိုင်တယ်ဆိုပြီးတော့ ခန့်မှန်းတယ်။ ဒါကြောင့် နောင်ပေါ်ထွက်လာမယ့် နိုင်ငံရေး ideologyဟာ အဲ့ဒီအချက်တွေနဲ့ကိုက်ညီတဲ့ ideologyဆိုပြီးတော့ ဖူးကူးယားမားက သူ့စာအုပ်ထဲမှာဖော်ပြထားခဲ့တယ်။
အဲ့ဒီလိုနဲ့ကမ္ဘာကြီးမှာ Liberal Democracyကိုအစားထိုးဖို့နှင့် အနာဂတ်လူ့အဖွဲ့အစည်းအသစ်ကို ပညာရှင်တွေခေါင်းစားနေကြချိန် မြန်မာပြည်မှာတော့ ရထားတဲ့ တစ်ချို့တ၀က် Liberal Democracyကိုတောင် လာရာလမ်းအတိုင်းလှည့်ပြန်ခဲ့ရတယ်။ မြန်မာပြည်ဟာ တွေးကြည့်ရင် ပြည်တွင်းစစ်သံသရာနဲ့ အတော်ကို ခေတ်နောက်ကျပျက်စီးနေတဲ့ တိုင်းပြည်တစ်ခုထက်မပိုဘူး။ နိုင်ငံတကာမှာ Revolution 4.0အတွက် စနစ်အသစ်နဲ့လူ့အဖွဲ့အစည်းအသစ်ကိုဦးစားပေးနေကြချိန် မြန်မာပြည်မှာ Revolution 2.0ရဲ့ သရုပ်လက္ခဏာဖြစ်တဲ့ လျှပ်စစ်မီးကိုတောင် တစ်နိုင်ငံလုံးရဲ့ 55%ကျော်ကျော်လောက်ကပဲ သုံးစွဲနိုင်တဲ့အခြေအနေပဲရှိသေးတယ်။ ပြောရရင် မြန်မာပြည်ဟာ Revolution 2.0မှာတင် နောက်ကျကျန်ခဲ့တာ အတော်ကြာပါပြီ။ မြန်မာပြည်ဟာ ဖြတ်သန်းလာတဲ့ခေတ်တလျှောက်လုံးမှာ အမြဲတမ်းနောက်ကျကျန်ခဲ့တာက များပါတယ်။ သမိုင်းကို ပြန်ကြည့်ရရင်လည်း အရင်းရှင်စနစ်ကိုစိန်ခေါ်ခဲ့တဲ့ ၁၉၁၇မဟာ အောက်တိုဘာတော်လှန်ရေးကြီး ရှရှားမှာဖြစ်ပြီး နောင်သုံးနှစ်လောက်ကြာမှ မြန်မာပြည်မှာ အရင်းကျမ်း ဘာသာပြန်ထွက်လာတယ်။ ကျောင်းသားသပိတ်တွေ ဘာတွေဖြစ်ပြီး ၁၉၃၀နောက်ပိုင်းမှာပေါ်လာတဲ့ နဂါးနီစာပေခေတ်ရောက်မှသာ မာစ့်ဝါဒက မြန်မာပြည်မှာခေတ်စားလာခဲ့တာဖြစ်တယ်။ ပြောရမယ်ဆိုရင် အောက်တိုဘာတော်လှန်ရေးဖြစ်ပြီး ၁၅နှစ်လောက်ကြာမှ မာစ့်ဝါဒကိုစတင်လေ့လာခဲ့တာ အတော်ကိုနောက်ကျပါတယ်။ အဲ့ဒီအချိန်မှာ အနောက်တိုင်းပညာတတ်တွေက မာစ့်ဝါဒကို ဝေဖန်တဲ့ကျမ်းတွေ မနည်းမနောထွက်နေပြီ။ ၁၉၄၄ခုနှစ်က ထုတ်ဝေခဲ့တဲ့ Friedrich Hayekရဲ့ The Road to Serfdomဆိုတဲ့စာအုပ်က မာစ့်ဝါဒကို ရာဇ၀င်သမိုင်းအရရော၊ လူမှုရေးရှုထောင့်အရရော၊ ဘောဂဗေဒအရရော ဘက်ပေါင်းစုံကနေ ဝေဖန်ထားတာကြောင့် လက်ဝဲသမားတွေကို လှုပ်လှုပ်ရှားရှားဖြစ်အောင် ရိုက်ခတ်ခဲ့တဲ့စာအုပ်ပါ။ ဒါပေမဲ့ မြန်မာပြည်ပညာတတ်အများစုကတော့ အဲ့အချိန်မှ လက်ဝဲဝါဒကို စတင်မြိန်ရေလျှက်ရေစားသုံးခါစပဲရှိသေးတယ်။ အနောက်တိုင်းမှာတော့ အတော်ကိုဝေဖန်ပြီးနေပါပြီ။ ပြောရမယ်ဆိုရင် ခေတ်ကြီးနဲ့အတော်အဆက်ပြတ်ခဲ့တယ်။ အခုလည်း ကမ္ဘာမှာ Liberalismကို တစ်ပတ်နွမ်းဖြစ်အောင် သုံးပြီးသွားတာတောင်မှ မြန်မာပြည်မှာ Liberalismအခုထိ မဖြစ်ထွန်းသေးပါဘူး။ ကမ္ဘာမှာ Revolution 4.0နဲ့ လူ့အဖွဲ့အစည်းအသစ်ဖန်တီးနေချိန် မြန်မာပြည်မှာ Revolution 2.0ထဲကနေ မတတ်နိုင်သေးဘူး။
အနာဂတ်နိုင်ငံရေးစနစ်တွေရဲ့ ideologyအသစ်တွေက အတော်ကိုစိတ်၀င်စားစရာကောင်းမယ့်အပြင်၊ အတွေးအခေါ်အသစ်တွေနဲ့ လူ့အဖွဲ့အစည်းကို ပုံဖော်နိုင်မှုကလည်း ကမ္ဘာကြီးရဲ့အနာဂတ်ဖြစ်နေပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးနဲ့အတူ လိုက်ပါပြောင်းလဲလာမယ့် မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ်အသစ်နဲ့ လူ့အဖွဲ့အစည်းအသစ်ကို စိတ်ကူးယဥ်ကြည့်မိတယ်။ ဒါပေမဲ့ ခုချိန်ထိ မပီမပြင် ဝိုးတဝါးပါ....
コメント