ဆိုဗီယက်ယူနီယမ် ပြိုကျပျက်စီးမှုနှင့် အမျိုးသားရေးခေါင်းထောင်မှု အပိုင်း ၁
- Revolution 4.0
- Aug 3, 2021
- 2 min read

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့စကားလုံးကို နိုင်ငံပေါင်းစုံကွန်မြူနစ်အစည်းအဝေးဆိုတဲ့ ဒုတိယအင်တာနယ်နေရှင်မှာ စပြီးကြားလာရတဲ့စကားလုံးဖြစ်တယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာ မတူညီတဲ့လူမျိုးစု၊ဒေသတွေကြားထဲ ကိုယ့်အခွင့်အရေးတွေမဆုံးရှုံးသွားအောင် ကိုယ့်ပြည်နယ်ကို ကိုယ့်ဥပဒေ၊ကိုယ့်ချုပ်ရေး၊ကိုယ့်တရားစီရင်ပိုင်ခွင့် နောက်ပြီး ဘဏ္ဍာရေးကိစ္စတွေကို ဒေသခံပြည်သူတွေရဲ့ဆန္ဒနဲ့အညီရွေးချယ်တင်မြှောက်ထားသောလူများကသာအခွင့်အာဏာရှိရေးကိုဆိုလိုတယ်။ အဓိကအားဖြင့် ဆိုရှယ်ဒီမိုကရေစီနိုင်ငံအများစုကစပြီး တွင်တွင်ကျယ်ကျယ်သုံးလာကြတာဖြစ်တယ်။ ကားမစ် သက်ရှိထင်ရှားနေရှိစဉ်မှာတော့ ဗြိတိသျှအင်ပါယာလက်အောက်ရောက်နေတဲ့ အိုင်ယာလန်အရေးရယ်၊ဂျာမနီက ကိုင်ဇာဘုရင်အင်ပါယာလက်အောက်မှာရှိတဲ့ ပိုလန်နိုင်ငံအရေးရယ်ကလွဲလို့ အချုပ်အခြာပိုင်နိုင်ငံအရေးတွေကို သိပ်စိတ်မ၀င်စားကြဘူး။ ဒါပေမဲ့ ကားမစ်ကွယ်လွန်ပြီးနောက်ပိုင်း လီနင်ဦးဆောင်တဲ့ ရရှားဘော်ရှီဗစ်ပါတီက ဇာဘုရင်ကိုဖြုတ်ချပြီး ပစ္စည်းမဲ့အာဏာရှင်နိုင်ငံကိုထူထောင်လိုက်တယ်။ ဒါပေမဲ့ ရရှားဇာဘုရင်အင်ပါယာကကျယ်ပြန့်လွန်းတော့ လက်အောက်ခံနိုင်ငံတွေက ကရင်မလင်ကို သစ္စာတော်ခံမလား မခံဘူးလားဆိုတဲ့ ကိစ္စကပေါ်လာတယ်။ အဲ့ဒီအချိန်တုန်းကဇာဘုရင်အင်ပါယာဟာ ဘယ်လောက်ထိကျယ်ပြန့်လဲဆို ဥရောပကုန်းမြေတစ်၀က်လောက်နဲ့အာရှကုန်းမြေသုံးပုံတစ်ပုံလောက်ထိကျယ်၀န်းတယ်။
ဒါပေမဲ့ လီနင်ခေါင်းဆောင်တဲ့ဘော်ရှီဗစ်ပါတီအာဏာရလာတော့ လက်အောက်ခံနယ်မြေတွေကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရစေမယ်လို့ကတိပေးပြီး သမ္မတနိုင်ငံနှစ်ဆယ်ကျော်လောက်ဖွဲ့စည်းပေးလိုက်တယ်။ အဲ့ဒီသမ္မတနိုင်ငံတွေနဲ့ကရင်လမင်အစိုးရကြား အာဏာတွေဘယ်လိုခွဲဝေကြမလဲ၊ဘယ်လိုသစ္စာစောင့်သိကြမလဲဆိုတာကို စာချုပ်တွေအပြန်အလှန်ချုပ်ဆိုပြီးကတိပေးကြတယ်။ လီနင်ကဒီထက်ပိုပြီးတော့ ဘာကိုကတိပေးလဲဆိုရင် သမ္မတနိုင်ငံတွေအနေနဲ့ ကရင်မလင်အစိုးရနဲ့လက်တွဲလို့ အကျိုးမရှိဘူးလို့ယူဆရင် "ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်"ရှိတယ်လို့ ကတိပေးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကတောင် လီနင်ရဲ့ "ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်"ကိုသဘောကျလို့ ပင်လုံစာချုပ်ထဲမှာထည့်ပြီးမချုပ်ဆိုခဲ့ပေမယ့် တိုင်းရင်းသားတွေကိုနှုတ်အားဖြင့်ကတိပေးပြီး အခြေခံဥပဒေထဲမှာထည့်ပြီးရေးဆွဲခဲ့ကြတယ်။ လီနင်ရဲ့ဘော်ရှီဗစ်ပါတီနဲ့ လွတ်လပ်တဲ့သမ္မတနိုင်ငံတွေကြား အပြန်အလှန်ဆွေးနွေးကြပြီးတဲ့အခါ ဇာဘုရင်လက်အောက်ခံပြည်နယ်တွေဟာ မော်စကိုအစိုးရကိုသစ္စာခံတဲ့ သမ္မတနိုင်ငံတွေဖြစ်လာပြီး ဆိုဗီယက်ဆိုနီယံဆိုတာ ပေါ်ပေါက်လာတယ်။ တစ်နည်းအားဖြင့် ဆိုဗီယက်ယူနီယမ်ကို ဆိုရှယ်လစ်မိသားစုအသိုင်းအဝိုင်းလို့လည်းခေါ်ဆိုကြတယ်။ လီနင်မကွယ်လွန်ခင်တုန်းကတော့ ဂျော်ဂျီယာပြည်နယ်သား စတာလင်ကို မာစ့်ဝါဒကိုအခြေခံတဲ့ တိုင်းရင်းသားရေးနဲ့အမျိုးသားရေးဆိုတဲ့ကျမ်းကြီးသုံးစောင်ရေးဖို့ လီနင်ကတာ၀န်ပေးခဲ့တယ်။ နောက်တော့ စတာလင်ကဆိုဗီယက်သမ္မတနိုင်ငံရဲ့ တိုင်းရင်းသားရေးရာ၀န်ကြီးဖြစ်လာတယ်။ ဒါပေမဲ့ လီနင်ကွယ်လွန်တော့ မော်စကိုမှာအာဏာလုပွဲကြီးဖြစ်ကြတယ်။ လီနင်လက်ထက်တုန်းက အလုပ်အတူလက်တွဲလုပ်ခဲ့ကြတဲ့ နိုင်ငံရေးအမှုဆောင်အဖွဲ့ဖြစ်တဲ့ပေါ်လစ်ဗြူရိုအဖွဲ့ထဲက သုံးပုံနှစ်ပုံလောက်ဟာ စတာလင်ရဲ့ဆွဲချက်အမျိုးမျိုးနဲ့ စွပ်စွဲအပြစ်ပေးခြင်းခံရပြီး ဆိုက်ဘေးရီးယားပို့သေဒဏ်ပေးခဲ့တယ်။ ဒါကြောင့် လီနင်လက်ထက်ကထူထောင်ခဲ့တဲ့ဆိုဗီယက်ယူနီယမ်ဟာ ပစ္စည်းမဲ့အာဏာရှင်စနစ်ကနေ စတာလင်လက်ထက်ရောက်တော့ ပုဂ္ဂိုလ်ရေးအာဏာရှင်နိုင်ငံအဖြစ်ရောက်ရှိခဲ့ရတယ်။
စတာလင်လက်ထက်ရောက်တော့ လီနင်ရဲ့အမျိုးသားရေးဝါဒဖြစ်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရယ်၊ခွဲထွက်လိုကခွဲထွက်ခွင့်ဆိုတဲ့အရေးတွေအကုန်ဆုံးရှုံးကုန်တယ်။ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ တန်းတူညီမျှဆက်ဆံရေးဆိုတာတောင်မရှိတဲ့ပဲ ဆိုဗီယက်ယူနီယမ်ထဲကသမ္မတနိုင်ငံတွေကို ရရှားရဲ့လက်အောက်ခံအခြွေအရံတွေအဖြစ်လောက်သာသဘောထားဆက်ဆံခဲ့တယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံကတော့ ရရှားရဲ့ပင်လယ်ထွက်ပေါက်ရရှိရေးအတွက် ပထဝီနိုင်ငံရေးအရအရေးပါတာကြောင့် မော်စကိုအစိုးရက တိုက်ရိုက်ချုပ်ကိုင်မှုထားတယ်။ ဒုတိယကမ္ဘာစစ်ရောက်တော့ မဟာမိတ်တွေရဲ့စာချုပ်အရ ဆိုဗီယက်က ဂျာမနီအရှေ့ဘက်မှာရှိတဲ့ဥရောပတစ်ခြမ်းလုံးကိုသိမ်းပြီး မေရိကန်နဲ့အဂ်လိပ်တွေက ဂျာမနီအနောက်ဘက်မှာရှိတဲ့ဥရောပတစ်ခြမ်းကိုသိမ်းဖို့ သဘောတူညီကြတယ်။ ဒါကြောင့် နာဇီတွေကိုအနိုင်ယူခဲ့တဲ့အပြင် ဘာလင်အထိချီတတ်လာနိုင်ခဲ့တဲ့ စတာလင်ရဲ့တပ်နီတော်တွေဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ပိုပြီးမျက်နှာပန်းပွင့်လာပြီး အရှေ့ဥရောပတစ်ခွင်ကို ဆိုရှယ်လစ်အယူဝါဒနဲ့တော်လှန်ရေးတွေတင်ပို့နိုင်ခဲ့တယ်။ ဒါကြောင့်လည်း ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါ အရှေ့ဥရောပတစ်ခွင်လုံးဟာ တပ်နီတော်နဲ့မော်စကိုလိုလားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့စစ်အာဏာရှင်တွေသာပေါ်ပေါက်လာခဲ့တယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ဆိုဗီယက်လက်အောက်ခံသမ္မတနိုင်ငံအများစုမှာရှိနေတဲ့အစိုးရတွေဟာ မော်စကိုအလိုကျအုပ်ချုပ်တဲ့နိုင်ငံရေးခေါင်းဆောင်တွေပဲဖြစ်လာခဲ့တယ်။ ဆိုဗီယက်ယူနီယမ်ရဲ့ သမိုင်းကိုပြန်ကြည့်ရင် ထူးထူးခြားခြား လူထုလှုပ်ရှားမှု နှစ်ခုပေါ်ခဲ့တယ်။ ပထမတစ်ခုက ၁၉၅၈ခုနှစ်မှာဖြစ်ခဲ့တဲ့ ဟန်ဂရီအရေးခင်း။
၁၉၅၈မှာတော့ ဟန်ဂရီမှာ မော်စကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီအချိန်တစ်ဝိုက်က မော်စကိုရဲ့ KGBတွေ လက်စွမ်းပြနေတဲ့အချိန်။ စတာလင်တည်ထောင်ပေးခဲ့တဲ့ KGBဆိုတဲ့ မော်စကိုထောက်လှမ်းရေးသမားတွေဟာ ဆိုဗီယက်ယူနီယမ်အဖွဲ့၀င်သမ္မတနိုင်ငံတွေအနေနဲ့ မော်စကိုကို သစ္စာရှိ မရှိဆိုတာကို အမြဲတမ်းထောက်လှမ်းနေတဲ့အချိန်လည်းဖြစ်တယ်။ ဒါကြောင့် ဆိုဗီယက်ယူနီယမ်ရဲ့ လက်အောက်ခံနိုင်ငံတိုင်းမှာ မော်စကိုအစိုးရအလိုကျ ရုပ်သေးအစိုးရတွေပဲပေါ်ပေါက်လာတယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ ဟန်ဂရီမှာ လစ်ဘရယ်ဆန်တဲ့ ၀န်ကြီးချုပ်တစ်ယောက် အာဏာရလာခဲ့တယ်။ အဲ့ဒီအချိန်မှာ ဟန်ဂရီပညာတတ်အသိုင်းအဝိုင်းတွေ၊လူငယ်တွေ၊အနုပညာရှင်တွေကဦးဆောင်ပြီး မော်စကိုအစိုးရကိုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြတယ်။ ထူးခြားတာက ဟန်ဂရီပြည်သူတွေဟာ ဟန်ဂရီအစိုးရကိုဆန္ဒပြတာမျိုးမဟုတ်ပဲ မော်စကိုအစိုးရကိုအလိုမရှိကြောင်းဆန္ဒပြကြတာဖြစ်တယ်။ ဟန်ဂရေ၀န်ကြီးချုပ်ဟာလည်း နဂိုကတည်းက လစ်ဘရယ်ဆန်တဲ့အပြင် ဟန်ဂရီနိုင်ငံထဲရောက်နေတဲ့တပ်နီတော်တွေနဲ့လည်း အဆင်မပြေတာကြောင့် ဆန္ဒပြသူတွေကိုအရေးမယူပဲမသိချင်ယောင်ဆောင်လိုက်တယ်။ အဲ့ဒီဟန်ဂရီနိုင်ငံရဲ့လူထုလှုပ်ရှားမှုကြောင့် မော်စကိုမှာ ဘော်ရှီဗစ်ကွန်မြူနစ်တွေ ခေါင်းချင်းဆိုင်ခဲ့ကြတယ်။ သူတို့အတွက်တော့ ဒါဟာ အနောက်နိုင်ငံတွေမှာရှိတဲ့ အရင်းရှင်တွေဟာ ဆိုရှယ်လစ်မိသားစုကို မငြိမ်မသက်ဖြစ်အောင် မြှောက်ထိုးပင့်ကော်လုပ်တာကြောင့် ဟန်ဂရီနိုင်ငံကို သင်ခန်းစာပေးရမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပြီးနောက် မော်စကိုမှာရှိနေတဲ့ ခရူးရှက်အစိုးရက ဟန်ဂရီကို တပ်နီတော် တင့်ကား သုံးထောင်စေလွှတ်ပြီး ဟန်ဂရီတတိုင်းပြည်လူံးကိုသိမ်းပိုက်လိုက်တယ်။ နောက်ပြီး ဟန်ဂရီအစိုးရအဖွဲ့၀င်တွေကိုလည်း သေဒဏ်ပေး ကြိုးပေးသတ်ဖို့ အမိန့်ချခဲ့တယ်။ ဟန်ဂရီပြည်သူတွေကတော့ မြို့လယ်ခေါင်မှာရှိနေတဲ့ တပ်နီတော်ရဲ့ တင့်ကားတွေကို ဘာမှမတတ်နိုင်ပဲ အံကြိတ်ပြီး မာန်လျော့ခဲ့ကြရတယ်။ ဟန်ဂရီပြည်သူတွေရဲ့ ဆန္ဒအမှန်ကို နားမလည်နိုင်တဲ့ မော်စကိုအစိုးရဟာ သူတို့ရဲ့ သင်ခန်းစာကြီးဖြစ်တဲ့ ဆိုရှယ်လစ်မိသားစုထဲက ထွက်ဖို့ကြံစည်တဲ့တိုင်းပြည်တွေကို အပြစ်ပေးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဟန်ဂရီန်ုင်ငံကို တပ်နီတော်တွေနဲ့ ဝိုင်း၀န်းသိမ်းပိုက်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက မော်စကိုရဲ့လုပ်ရပ်ကို ဆိုရှယ်လစ်နိုင်ငံအများစုနဲ့ လက်ဝဲအားပေးသူအများအပြားက ထောက်ခံအားပေးခဲ့ကြတယ်။ မြန်မာနိုင်ငံမှာတောင် လက်ဝဲအားသန်တဲ့လူအများစုက မော်စကိုရဲ့လုပ်ရပ်ဟာ တရားမျှတတယ်လို့ဆိုခဲ့ကြတယ်။ အဲ့ဒီထဲမှာထူးထူးခြားခြား စာရေးဆရာ ဆရာကြီးဒဂုန်တာယာက မော်စကိုရဲ့လုပ်ရပ်ဟာ ဟန်ဂရီပြည်ကို၀င်ရောက်ကျူးကျော်ခြင်းလို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်။ ဒါကြောင့်လည်း ဆရာဒဂုန်တာယာကို မာစ့်ဝါဒီသမား အများအပြားက ဖောက်ပြန်ရေးတံဆိပ်ကပ်တိုက်ခိုက်ခဲ့ကြတယ်။ ဒါကတော့ ဆိုဗီယက်ယူနီယမ် သမိုင်းမှာ ပထမဆုံးအနေနဲ့ အဖွဲ့၀င်နိုင်ငံတစ်ခုရဲ့ မော်စကိုဆန့်ကျင်ရေးဆန္ဒပြ လှုပ်ရှားမှုတစ်ခုပါ။
ဒုတိယတစ်ခုတော့ ပရာဟန် နွေဦးအရေးခင်းဖြစ်တယ်။ ပရာဟန်နွေဦးအရေးခင်းကတော့ ၁၉၆၈ခုနှစ်မှာ ဆိုဗီယက်အဖွဲ့၀င်နိုင်ငံ ချက်ကိုဆလိုဗက်ကီးရားမှာပေါ်ပေါက်ခဲ့တာဖြစ်တယ်။ ၁၉၆၈မှာ ချက်ကိုဆလိုဗက် ပြည်သူတွေကလည်း ဟန်ဂရီနည်းတူ မော်စကိုအစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ကြတယ်။ အဲ့ဒီအတွက် မော်စကိုဘက်ကလည်း ဒါမျိူးဟာ ဒုတိယဟန်ဂရီအချိုးမျိုး ထပ်ချိုးနေတယ်ဆိုပြီး ချက်ကိုဆလိုဗက်ရဲ့ ပရာဟန်မြို့ကို တပ်နီတော်နဲ့ ထပ်မံသိမ်းပိုက်ခဲ့ပြန်တယ်။ တစ်ကယ်တော့ ချက်ကိုဆလိုဗက်ကီးရားဟာ ဆိုဗီယက်ယူနီယမ်အဖွဲ့၀င်နိုင်ငံမဖြစ်ခင်တုန်းက ချက်နိုင်ငံရယ်၊ ဆလိုဗက်နိုင်ငံရယ်ဆိုပြီး သီးသန့်ရှိခဲ့တာဖြစ်တယ်။ အဲ့ဒီအချိန်တုန်းက အရှေ့ဥရောပမှာ ချက်နိုင်ငံက စက်မှုကဏ္ဍထုတ်ကုန်တွေ အင်မတန်ဖွံ့ဖြိုးပြီး၊ ဆလိုဗက်နိုင်ငံကတော့ လယ်ယာထွက်ကုန်တွေ အများအပြားထုတ်လုပ်နိုင်ခဲ့တယ်။ စတာလင်လက်ထက်ရောက်တော့ ဆိုဗီယက်ပြည်ထောင်စုအတွက် စက်မှုထုတ်ကုန်နဲ့လယ်ယာထုတ်ကုန် တိုးတတ်အောင်ဆိုပြီး ချက်နိုင်ငံနဲ့ဆလိုဗက်နိုင်ငံနှစ်ခုကိုပေါင်းပြီး ချက်ကိုဆလိုဗက်ကီးရားဆိုတဲ့ တစ်နိုင်ငံတည်းအဖြစ် ဖွဲ့စည်းခဲ့တယ်။ ဒါကြောင့် ဆိုဗီယက်ယူနီယမ်ဟာ ပြည်ထောင်စုလို့ခေါ်ဆိုသော်ငြားလည်း တစ်ကယ်တမ်းမှာတော့ လက်အောက်ခံနိုင်ငံတွေကို မော်စကိုအလိုကျ ချယ်လှယ်အုပ်စိုးခဲ့တာပဲဖြစ်တယ်။ လီနင်လင်ထက်က အာမခံခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုအဖွဲ့၀င်နိုင်ငံတွေရဲ့ "ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်"ဆိုတာကလည်း စတာလင်လက်ထက်ကနေပြီး ခရူးရှက်၊ ဘရပ်ဆဲ စတဲ့ မော်စကိုကွန်မြူနစ်ခေါင်းဆောင်တွေလက်ထက်အထိ အမေ့ပျောက်ခံ ကတိက၀တ်တစ်ခုဖြစ်ခဲ့တယ်။ တစ်ကယ်တမ်းတော့ စစ်အေးခေတ်ကာလတစ်လျှောက်လုံးမှာ ဆိုဗီယက်ပြည်ထောင်စုအဖွဲ့၀င်အများစုဖြစ်တဲ့ အရှေ့ဥရောပနိုင်ငံအများစုဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာပျောက်ဆုံးပြီး "ဆိုရှယ်လစ်မိသားစုအသိုင်းအဝိုင်း"ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မော်စကိုအလိုကျ မစားရ အညှော်ခံ တိုင်းပြည်တွေအဖြစ်သာ တည်ရှိခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ စစ်အေးခေတ်ကာလတစ်ခုလုံးကြီးကို အဆုံးသတ်ပေးမယ့်အပြင်၊ ဆွေးမြေ့ပုပ်သိုးနေတဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးကို ဖြိုချဖျက်ဆီးနိုင်ဖို့အတွက် မော်စကိုမှာ ဂျော့ဘာချော့ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်က အာဏာရလာခဲ့တယ်။ တစ်ကယ်တော့ ရရှားရဲ့ကွန်မြူနစ်ဘော်ရှီဗစ်ပါတီဟာ ဂျော့ဘာချော့ဆိုတဲ့ပုဂ္ဂိုလ်ကို လူမှားရွေးမိခဲ့တာလို့တောင် ပြောနိုင်တယ်။ ဘာလို့ဆို ဘော်ရှီဗစ်ပါတီက တင်ပေးလိုက်တဲ့ အာဏာရခေါင်းဆောင် ဂျော့ဘာချော့ဟာ ဘော်ရှီဗစ်ပါတီတည်ထောင်ထားတဲ့ ဆိုဗီယက်ယူနီယမ်ကိုရော၊ သူ့ရဲ့မိခင်ပါတီဖြစ်တဲ့ ကွန်မြူနစ် ဘော်ရှီဗစ်ပါတီကိုပါ သူကိုယ်တိုင် ဖျက်သိမ်းခဲ့လို့ဖြစ်တယ်။
credit for photo
Commentaires