top of page

ဦးနှောက်ယိုစီးခြင်း သို့မဟုတ် စားကျက်ပြောင်းခြင်း

  • Writer: Revolution 4.0
    Revolution 4.0
  • Jul 30, 2021
  • 1 min read

ဒီလိုခေတ်မျိုးမှာ လောကကြီးကို အမှန်မြင်တတ်ဖို့ကလည်း သိပ်အရေးကြီးတဲ့ထဲမှာပါတယ်။ တစ်ကယ်တော့ အခုလိုခေတ်မျိုး ဒီလိုနိုင်ငံမျိုးမှာ ဘယ်သူမှမနေချင်ကြဘူး။ ဒီလိုအချိန်မျိုးမှာ နိုင်ငံခြားထွက်ပြီး တိုင်းပြည်ပြောင်းသွားတဲ့လူတွေလည်း အများကြီးပေါ်လာမှာပဲ။ ဒါကအဆန်းတော့မဟုတ်ဘူး။ လူဆိုတဲ့မျိုးစိတ်က ကျောက်ခေတ်ကတည်းကနေ ခုချိန်ထိ ရှာလို့ဖွေလို့ စားလို့သောက်လို့လွယ်တဲ့နေရာတွေမှာပဲ ပြောင်းရွှေ့နေထိုင်လာခဲ့ကြတာ။ မျိူးနွယ်စုအလိုက်ရွှေ့ပြောင်းကြတဲ့ ခြေသလုံးအိမ်တိုင်ခေတ်တုန်းကတောင် သူတို့အခြေကျတဲ့နေရာမှာ စိုက်လို့ ပျိုးလို့မလွယ်ရင် တစ်ခြား မြေဩဇာကောင်းတဲ့နေရာကိုပြောင်းကြတာပဲ။ လူဆိုတဲ့သဘောက ဒါပါပဲ။ ဒါပေမဲ့ တစ်ချို့ကတော့ ကိုယ်နေထိုင်လာတဲ့နေရာကို ချစ်တဲ့စိတ် မြတ်နိုးတဲ့စိတ်နဲ့ သေသည်အထိ ခေါင်းချချင်တဲ့လူမျိုးတွေလည်းရှိတယ်။ အဲ့လိုလူမျိုးတွေက သက်သက်ပေါ့။ ဒါပေမဲ့ နိုင်ငံပြောင်းသွားတဲ့လူတွေကိုလည်း တစ်ဆင့်နိမ့်ပြီး သာကူးလုပ်သွားတယ်ဆိုတာမျိုးသတ်မှတ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဘာလို့ဆို လူရဲ့ဗီဇက အဲ့လိုဖြစ်နေတာကို။ အမှန်ကတော့ ကိုယ်နိုင်ငံကိုယ် ဘာကြီးပဲဖြစ်နေပါစေ ဘယ်လိုအခြေအနေပဲရောက်နေပါစေ ဆိုးအတူ ကောင်းအတူဖြတ်ကျော်မယ်ဆိုတဲ့ လူမျိုးတွေရဲ့စိတ်က မြင့်နေတာ။ တစ်ခါတစ်လေမှာ လောကကြီးကို အမှန်မြင်တတ်ဖို့ကလည်း မသေခင် သိသင့်သိထိုက်တဲ့ထဲမှာလည်းပါတယ်။ လူဆိုတဲ့သဘာ၀က ပင်ကိုဗီဇမှာကိုက စောက်ကျင့်မကောင်းတာ ယုတ်မာတာ အများကြီးရှိတယ်။ ဒါပေမဲ့ ဇာတ်ကားတွေကြည့်တာ၊ ၀တ္ထုတွေဖတ်တာများပြီး အပြင်ကတစ်ကယ့်လူတွေကို ၀တ္ထုတွေ၊ဇာတ်ကားတွေထဲက အင်နိုးစန့်ဇာတ်‌ကောင်လေးတွေနဲ့ လိုက်နှိုင်းလို့ကတော့ အဆင်မပြေဘူး။ လူတွေရဲ့ စောက်ကျင့်ရဲ့ ဒီနိုင်ငံမှာကြည့်မှမဟုတ်ဘူး၊ ဖွံ့ဖြိုးတိုးတတ်တဲ့နိုင်ငံတွေကိုပဲကြည့်မလား၊ ကုလသမဂ္ဂလိုစင်မြင့်ထက်ကိုပဲကြည့်မလား ဘယ်သူမှ စောက်ကျင့်ကောင်းမနေဘူး။ ဒါပေမဲ့ လူအများစုကတော့ လောကကြီးကို စင်လုံးချောပေါ်ဆန်မွှေးလို့ထင်တတ်ကြတယ်။ တစ်ကယ်တော့ လောကကြီး‌က နေရာတိုင်းမှာ အညှီ‌အဟောက်ကြီးပဲ။ ဒါကြောင့် အညှီ‌အဟောက်ကိုသာ အရှိတရားအဖြစ်လက်ခံလိုက်ရင် အရာအားလုံးက သိပ်ပြီးထူးဆန်းတဲ့ထဲမှာ ပါမနေဘူး။ အဲ့ဒါကြောင့် ခုလိုအချိန်မျိုးမှာ နိုင်ငံပြောင်းသွားတဲ့လူတွေက လူ့ဗီဇအရကြည့်ရင် သာမန်ပါပဲ ဘာမှအပြစ်ပြောစရာမရှိပါဘူး။ ပညာရှင်ဆန်ဆန် ဟိုလှည့် ဒီလှည့်လျှောက်ပြောရရင်တော့ "ဦးနှောက်ယိုစီးမှု"ပေါ့၊ ဒါပေမဲ့ တည့်တည့်ပြောရရင်တော့ လုပ်စား၊ကိုင်စားရတာ မကောင်းလို့ပြောင်းသွားကြတာပဲ။ ကမ္ဘာမှာလည်း ခေတ်မကောင်း၊နိုင်ငံမကောင်းရင် တစ်ခြားနိုင်ငံပြောင်းပြီး ခိုလှုံ၊လုပ်စားကြတဲ့လူတွေအများကြီးပဲ။ ဆီးရီးယားကိုပဲကြည့်မလား၊ အာဖဂန်ကိုပဲကြည့်မရလား။ ဘယ်နိုင်ငံမဆို ပဋိပက္ခတွေရှိနေတဲ့တိုင်းပြည်မှာ ဘယ်သူမှမနေချင်ကြဘူး။


တစ်ခါတစ်လေတော့လည်း စာရေးဆရာတစ်ယောက်ပြောဖူးတာ သွားသတိရတယ်။အင်တာဗျူးတစ်ခုမှာ မြန်မာနိုင်ငံလောက် လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါတီတွေများတဲ့တိုင်းပြည်မှာ ဘယ်အဖွဲ့အစည်းက တစ်ကယ်အလုပ်လုပ်ပြီး အနစ်နာခံနေတဲ့ အဖွဲ့အစည်းလဲပေါ့။ ပြန်ဖြေတဲ့လူကလည်း တိုင်းပြည်အတွက်အလုပ်လုပ်နေတဲ့အဖွဲ့အစည်းတွေဟာ ငါတို့ဟာတိုင်းပြည်အတွက်ပဲ၊ ငါတို့အတွက် ငါအဖွဲ့အစည်းအတွက် တစ်ပြားတစ်ချပ်မှမပါပဲ နိုင်ငံအတွက်ချည်းပဲ အလုပ်လုပ်ဖို့ ‌မျှော်မှန်းနေရင် အင်မတန်စိတ်ကူးယဉ်ဆန်ပါတယ်။ မဖြစ်နိုင်ပါဘူးတဲ့။ အဲ့လိုမှမဟုတ်ပဲ ငါ့ဟာ၊ငါ့အတွက်၊ငါ့အဖွဲ့အစည်းအတွက်ချည်းပဲဆိုပြီး ငါတစ်ဗို့တည်းပဲ ကြည့်နေပြန်ရင်လည်း တိုင်းပြည်အတွက်ရေရှည်မကောင်းပါဘူးတဲ့။ ဆိုတော့ခါ ကိုယ့်အဖွဲ့အစည်းအတွက်လည်းကြည့် တိုင်းပြည်အတွက်လည်းကြည့် မျှမျှတတလုပ်ကြရင်တော့ တိုင်းပြည်အတွက်အဆင်ပြေဆုံးပဲဆိုပြီး ပြန်ဖြေထားတယ်။ အဲ့တော့ တိုင်းပြည်အတွက်ကြီးပဲဆိုပြီး ငါ့အတ္တတစ်ပြားတစ်ချပ်မှမပါပဲ နေထိုင်ပြုမူဖို့ကတော့ အဓိပ္ပာယ်လည်းမရှိသလို၊ စိတ်ကူးယဉ်လည်း ဆန်လွန်းပါတယ်။ အဲ့လိုလူမျိုးတွေက ရှိတော့ရှိပါလိမ့်မယ်၊ ဒါပေမဲ့ ရှားလိမ့်မယ်။ တိုင်းပြည်အတွက်လည်းကြည့်၊ ကိုယ့်အတ္တအတွက်လည်းကြည့်ဆိုပြီး မျှမျှတတကြားချဖို့လိုပါလိမ့်မယ်။


နိုင်ငံမပြောင်းဖြစ်တဲ့လူတွေထဲမှာလည်း တစ်ကယ်ကိုနိုင်ငံချစ်စိတ်နဲ့ မပြောင်းချင်တာလား၊ ဒါမှမဟုတ် ‌မပြောင်းနိုင်တာလား၊ မပြောင်းရဲတာလား။ တစ်ချို့ကျတော့လည်း ရှေ့လတွေမှာ ရဲရဲတောက်တွေပြောခဲ့ပြီး အခုကျမှ ထပြောင်းရင် ငါ့များလူတွေဘယ်လိုထင်ကုန်မလဲဆိုပြီး မပြောင်းရဲတဲ့လူတွေလည်းရှိနိုင်တယ်။ ဖြစ်နိုင်ရင် နိုင်ငံပြောင်းဖို့ကို စတုဒီသာလုပ်သလို အလကာလုပ်ပေးပြီး နိုင်ငံပြောင်းဖို့ တန်းစီခိုင်းရင် မြန်မာပြည်မှာလူတွေဘယ်လောက်တောင် ကြိတ်ကြိတ်တိုးနေမလဲမသိဘူး။ ကိုယ်ကတော့ အခုလောလောဆယ်ထိတော့ ပြောင်းချင်စိတ်မပေါ်သေးဘူး။ ပြောင်းလဲ လူကစောက်ဖြစ်မရှိတော့ ဘာမှသိပ်ထူးခြားမှာမဟုတ်ဘူး။ ဒီနိုင်ငံမှာနေတော့ လူကအဖြစ်မရှိတောင် နိုင်ငံကစောက်တလွဲဖြစ်နေတော့ နိုင်ငံကိုလက်ညိုးထိုး အပြစ်ပုံချလို့ရသေးတယ်


ဒါကြောင့် အနှစ်ချုပ်ပြောရရင် နိုင်ငံပြောင်းချင်နေတဲ့လူတွေက သာမန်ပါပဲ။ မပြောင်းချင်ပဲ ဒီနိုင်ငံမှာပဲ ဖက်တွယ်နေမယ်ဆိုတဲ့လူတွေကသာ သာမန်မဟုတ်ပဲ တစ်ဆင့်မြင့် ထူးခြားနေတာပါ။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page