ပျောက်ဆုံးနေသော ယုံကြည်မှု
- Revolution 4.0
- May 20, 2021
- 1 min read

ဗမာနိုင်ငံရေးသမားတွေနဲ့ ဗမာမဟုတ်တဲ့တိုင်းရင်းသားနိုင်ငံရေးသမားတွေကြားမှာ အဓိကပြသာနာက "ယုံကြည်မှု"ပဲ။ အဲ့ဒီလိုမျိုး တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပျောက်ဆုံးနေသရွေ့ တစ်ဖွဲ့ဖွဲ့က ဘယ်လိုကမ်းလှမ်းချက်မျိုးပဲ ကမ်းလှမ်းသည်ဖြစ်စေ သံသယစိတ်တွေနဲ့ကြည့်နေမှာဖြစ်တယ်။ တစ်ကယ်လို့သာ ဗမာနိုင်ငံရေးသမားတွေနဲ့တိုင်းရင်းသားနိုင်ငံရေးသမားတွေကြား ယုံကြည်မှုဆိုတဲ့ အခြေခံအကြောင်းအရာသာ ခိုင်ခိုင်မာမာရှိနေမယ်ဆိုရင် အခုဖြစ်နေတဲ့ဗမာနဲ့ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကြားမှာရှိနေတဲ့ ပြသာနာ ၅၀%လောက်က အလိုလိုပြေလည်သွားလိမ့်မယ်။ အဲ့ဒီလို ယုံကြည်မှုရှိအောင်တည်ဆောက်ရတာကလည်း ဝရုန်းသုန်းကား ပြီး ပြီးရောဆိုပြီးဖြစ်လာတာမဟုတ်ဘူး။ မတူညီတဲ့အစုအဖွဲ့တွေကြား အကြိမ်ပေါင်းများစွာ ဆွေးနွေး၊ငြင်းခုန်ကြတာကိုအကြောင်းပြုရင်း တစ်ဖက်လူရဲ့ခံစားချက်တွေ၊တောင်းဆိုချက်တွေကို နားလည်လက်ခံလာတာမျိုးဖြစ်တယ်။ ဒါကြောင့်အချိန်အတိုင်းအတာတစ်ခု ကောင်းကောင်းလိုတယ်။
အဲ့ဒီလို ယုံကြည်မှု တည်ဆောက်တဲ့အခါမှာလည်း ယုံကြည်သင့်၊ ယုံကြည်ထိုက်ကြောင်းဆိုတာကို နည်းလမ်းပေါင်းစုံ၊ အမူအရာပေါင်းစုံနဲ့ အသေးအဖွဲလေးကအစ ဂရုတစိုက် ထုတ်ဖော်ပြသနေဖို့လိုတယ်။ ဦးသိန်းစိန်လက်ထက် ၀န်ကြီးဦးအောင်မင်းတို့ခေတ်တုန်းက တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တော့ ဦးအောင်မင်းပေးတဲ့ လက်ဆောင်ပစ္စည်းတွေဆို တိုင်းရင်းသားတွေဘက်က လက်မခံဘူး။ ဘာလို့ဆို အသံဖမ်းစက်တို့၊ GPSတို့ပါလာမှာလေးမလားဆိုပြီး တိုင်းရင်းသားတွေက သံသယရှိလို့ဖြစ်တယ်။ နောက်တော့ ဦးအောင်မင်းက တိုင်းရင်းသားနယ်မြေထဲသွားရင် ကျည်ကာတွေလည်း၀တ်မနေဘူး၊ လုံခြုံရေးလမ်းကြောင်းလည်းခေါ်မနေပဲ သူ့ကားမှာအလံဖြူလေးစိုက်ပြီး တိုင်းရင်းသားနယ်မြေထဲ လှည့်ပတ်သွားခဲ့တာ။ ဆွေးနွေးပွဲတွေမှာဆိုရင်လည်း တိုင်းရင်းသားတွေအထင်မလွဲအောင် နေရာထိုင်ခင်းစီစဉ်တာက အသေအချာဂရုတစိုက်စီစဉ်ခဲ့တယ်။ တစ်ခါတုန်းက ဆွေးနွေးပွဲတစ်ခုမှာဆို တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်က ဗမာတွေကိုမကျေနပ်တဲ့အကြောင်းကို လွတ်လပ်ရေးခေတ်အစချီပြီး တရဆက်ထိုင်ပြောတာ ငါးနာရီနီးပါးလောက်ကြာတယ်။ အဲ့တာကိုလည်း ဦးအောင်မင်းက မညီးမညူစိတ်ရှည်လက်ရှည်နားထောင်ပေးခဲ့တယ်။ ဒါကြောင့်လည်း NCAဟာ သူ့အတိုင်းအတာနဲ့သူ အောင်မြင်ခဲ့တယ်။ ဟာသအနေနဲ့ပြောပြရင် အဲ့ဒီအချိန်တုန်းက ဆွေးနွေးပွဲတွေပြီးတိုင်း အစိုးရဘက်က၀န်ကြီးတွေနဲ့တိုင်းရင်းသားခေါင်ဆောင်တွေ ကာရာအိုကေသွားဆိုကြတယ်ဆိုတာမျိုးတောင် ရှိတယ်လို့ ကြားဖူးတယ်။ ဒီလိုအကြောင်းအရာတွေကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းတွေသားနဲ့ဗမာကြားမှာ ခိုင်မာတဲ့ယုံကြည်မှုတစ်ခု အရင်တည်ဆောက်ဖို့လိုတယ်။ အဲ့ဒီအခြေခံပေါ်မှာမှ ထပ်လောင်းပြီး မူဘောင်တွေ၊ ပဋိညဏ်တွေချမှတ်ဖို့သင့်တယ်။ အဲ့လိုမှမဟုတ်ပဲ ခိုင်မာတဲ့ယုံကြည်မှုမရှိရင်တော့ အဖွဲ့စည်းတစ်ခုနဲ့တစ်ခုကြား ဘယ်လောက်ထိကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေပဲ ပေးပေး ကျန်တစ်ဖက်က အမြဲတမ်းသံသယမျက်လုံးတွေနဲ့ကြည့်နေမှာဖြစ်တယ်။ တစ်ကယ်လို့ ယုံကြည်မှုခိုင်ခိုင်မာမရှိပဲ အကျိုးစီးပွားချင်းတူလို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါင်းစည်းမိရင်တောင် အဲ့ဒီပေါင်းစည်းမှုဟာ တစ်ခဏပဲ။ တစ်ကယ့် အကျပ်အတည်းနဲ့ကြုံလာတဲ့အခါ သူ့လက်ညိုးထိုး ကိုယ့်လက်ညိုးထိုး၊ သူ့အပြစ်တင် ကိုယ့်အပြစ်တင်နဲ့ တစ်ခဏအတွင်းပျက်စီးသွားလိမ့်မယ်။
မြင်သာအောင်ပြောရရင် လူနှစ်ယောက်ကြား ယုံကြည်မှုရှိမနေရင် တစ်ဖက်လူက နတ်သုဒ္ဓါပဲကျွေးပါစေအုံး။ ကျန်တစ်ဖက်က "ဒီကောင် ငါ့ကိုများ အစာထဲ အဆိပ်ခပ်ထားမလား"၊ "မကောင်းတဲ့ အသိုးတွေများ လာကျွေးတာလား"ဆိုပြီး သံသယစိတ်နဲ့ကြည့်နေမှာဖြစ်တယ်။ တစ်ကယ်လို့သာ လူနှစ်ယောက်ကြား ယုံကြည်မှုခိုင်ခိုင်မာရှိနေရင် တစ်ဖက်လူက နောက်ဘေးက ထမင်းကြမ်းခဲပဲကျွေးပါစေအုံး။ ကျန်တစ်ဖက်က "ဒီကောင် ငါ့တော့ စေတနာရှိရှာသားပဲ"၊ "မရှိမဲ့ ရှိမဲ့ထဲက ကျွေးရှာသားပဲ "ဆိုတဲ့ နားလည်မှုမျိုးရှိလာမှာဖြစ်တယ်။ အတိတ်ကိုပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ထောင်စုကိုတည်ထောင်ဖို့အတွက် တောင်တန်းဒေခေါင်းဆောင်တွေကိုစည်းရုံးတဲ့အခါ အဂ်လိပ်မသိအောင် ခိုးကြောင်ခိုးဝှက်ကတစ်မျိုး၊ အဂ်လိပ်ကိုအသိပေးပြီး တရား၀င်ဆွေးနွေးပွဲကတစ်မျိုး စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ ဆွေးနွေးပွဲပေါင်းမြောက်များစွာကိုပြုလုပ်ပြီး တောင်တန်းဒေသသားတွေစီက ယုံကြည်မှုကိုရယူနိုင်ခဲ့တယ်။ ဒါကြောင့် ရှေးခေါင်ဆောင်ကြီးများရဲ့ နည်းနာကိုအတုယူပြီး ဗမာနဲ့တိုင်းရင်းသားကြား ပျက်ယွင်းနေတဲ့ယုံကြည်မှုအဆောက်အအုံကို ခိုင်ခိုင်မာမာဖြစ်အောင် ပြန်လည်တည်ဆောက်လုပ်ဖို့လိုတယ်။ ဒါပေမဲ့ အဲ့ဒီတည်ဆောက်ရေးလုပ်ငန်းဟာ အချိန်အတိုင်းအတာ တစ်ခုထိ ကြာကောင်း ကြာနိုင်တယ်။ အဓိကက အရှိန်မပျက် ရှေ့ကိုဆက်လုပ်နေဖို့ပဲ။
ယုံကြည်မှူကို မွေးဖွားတဲ့အခါ သားသည်ကိုယ်၀န်ဆောင်မိခင်လိုမျိူးပဲ။ နေ့စေ့ လစေ့မွေးဖို့ အချိန်တစ်ခုစောင့်ဖို့လိုတယ်။ အလုပ်တွင်ချင်စောနဲ့ နေ့မစေ့ပဲ မွေးခိုင်းရင်တော့ အသေကလေးပဲမွေးလာမှာဖြစ်တယ်။ ထို့နည်းတူ နေ့လွန်မှမွေးပြန်ရင်လည်း မိခင်ရော ကလေးပါအသက်ဆုံးရှူံးရမယ်။ ဒါကြောင့် မမွေးခင် မဖွားခင် ကလေးအတွက် ဂရုတစိုက် အာဟာရပြုရသလိုပဲ၊ ယုံကြည်မှုကို တည်ဆောက်နေတုန်းမှာလဲ ရနိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ ယုံကြည်မှုကို ခိုင်မာသည်ထက် ခိုင်မာလာအောင် အုတ်မြစ်ချရမယ်။ အဲ့လိုမှမဟုတ်ပဲ မြန်မြန်မွေးရင် ပြီးရောကွာ ဆိုရင်တော့ အခုလူတွေအော်နေတဲ့ ဖက်ဒရယ်ဆိုတာလည်း တစ်ခဏတာခံမယ့် "အိမ်မက် ဖက်ဒရယ်"ပဲဖြစ်လိမ့်မယ်။
Komentáře