top of page

အာပတ်ဖြေခြင်း

  • Writer: Revolution 4.0
    Revolution 4.0
  • May 15, 2021
  • 2 min read


အာပတ်ဖြေတယ်တယ်ဆိုတာက ခုလိုတော်လှန်ရေးကာမျိုးမှာ တော်တော်ခေတ်စားနေတယ်။ တစ်ချို့ဘာသာတွေမှာ ကိုယ်လုပ်ထားတဲ့အပြစ်တွေကို ဘုန်းတော်ကြီးတွေဆီမှာ ဖွင့်ဟ၀န်ခံလိုက်ရင် အပြစ်ကျေတယ်ဆိုတာမျိုးရှိတယ်။ ခုလည်း လိုင်းပေါ်မှာ "အာသာပြေ အပြစ်၀န်ခံခြင်း"တွေ တော်တော်တွေ့နေရတယ်။ "ငါစောက်သုံးမကျဘူး"၊ "ဒီထက်ပိုလုပ်ပေးရမှာ" ၊ "ဘာမှမလုပ်ပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်"၊ "ကိုယ့်ကိုယ်ကို တာ၀န်ကျေတယ်"မထင်ဘူး စသဖြင့် ကိုယ့်စိတ်ကိုကိုယ်လှည့်စားပြီး အာသာပြေပြန်တင်တဲ့ စတေးထပ်တွေတော်တော်အများအပြားတွေ့လာရတယ်။ သဘောကတော့ သူတို့ဒီလိုရေးတင်လိုက်တော့ အပြစ်လျော့သွားမယ်၊ လူတွေက "အင်းဟယ် သူလည်းလုပ်ချင်ရှာမှာပေါ့၊သနားပါတယ်"ဆိုတဲ့ အတန်းရှင်းကို ရိုင်းရိုင်းပြောရရင် သူတောင်းစားတောင်းနည်း လှည့်ပတ်တောင်းနေတာဖြစ်တယ်။ လူ့သဘာ၀အရ ကိုယ့်ကိုကိုယ်တစ်ကယ်အပြစ်ရှိတယ်ထင်ရင် ကိုယ့်စိတ်ကိုယ်မလုံလို့ အများသူငါရှေ့မှာ ဖွင့်ဟ၀န်ခံဖို့ဆိုတာ အလွန်အင်မတန်ဖြစ်နိုင်ချေနည်းတယ်။ ဥပမာ ကိုယ့်လည်ပင်းမှာပွေး ပေါက်နေတဲ့ကိစ္စကို ကိုယ့်ကိုကိုယ်တစ်ခုခုလိုနေတယ်၊ အပြစ်ဖြစ်နေထင်ရင် အဲ့လူက ဘယ်သူ့ကိုတော့ "ဟဲ့ ငါလည်ပင်းမှာ ပွေးပေါက်နေတယ်"ဆိုပြီး ပြောရိုး‌ထုံးစံမရှိဘူး။ ဒါပေမဲ့ အဲ့ဒီရှိနေတဲ့ပွေးကို သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ယူဆရင် "ငါလည်ပင်းက ပွေးကလည်း ဘယ်တုန်းထဲကပေါက်တယ်၊ဘာညာ"ဆိုပြီး ကိုယ်နဲ့သိတဲ့လူတွေကို သာမန်ပြောပုံပြောနည်းနဲ့ပဲ ဖွင့်ဟတတ်ကြတယ်။ အဲ့ဒီလိုပဲ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ကိစ္စတွေ၊ မှန်သလိုလိုမှားသလိုလိုဖြစ်နေတဲ့အရာတွေကို တစ်ယောက်တည်းမလုံမလဲဖြစ်လာတဲ့အခါ သူများဆီက သနားစိတ်လေးများရမလားဆိုပြီး "အာသာပြေ ဖွင့်ဟ၀န်ခံ"လိုက်ကြတယ်။ အဲ့တော့ သဘောက "ငါ ၀န်ခံပြီးသွားပြီလေ၊ ငါ့ကိစ္စပြီးပြီ၊ ငါမမှားဘူး"ဆိုတာမျိုးက စိတ်မှာစွဲသွားတယ်။ တစ်ကယ်တော့ အဲ့လိုတွေလျှောက်ရေး၊လျှောက်တင်နေတာက တစ်ကယ်အပြစ်ရှိတယ်ဆိုတာကို တရားခွင်မှာ သက်သေအထောက်အထားနဲ့ ၀န်ခံတယ်ဆိုတာမျိုးထက်၊ ကိုယ့်စီမှာရှိနေတဲ့အပြစ်တွေ လျော့ကျသွားအောင် စိတ်အာသာပြေလေး ၀န်ခံလိုက်တာဖြစ်တယ်။


လူတွေမှာက တစ်ယောက်နဲ့တစ်ယောက် လုပ်နိုင်စွမ်းမတူဘူး။ ကန့်သတ်ချက်တွေရှိတယ်။ ကိုယ်အားသန်ရာ အားသန်ရာ ‌ကဏ္ဍတိုင်းမှာ ကျရောက်လာတဲ့ တာ၀န်တွေကို ကျေပွန်အောင် အကျိူးပြုသင့်တယ်။ တောထဲမှာသေနတ်ကိုင်နေတဲ့လူတွေရှိသလို၊ မြို့ပေါ်မှာလည်းသက်ဆိုင်ရာ သူ့တာ၀န်အသီးသီးနဲ့ လုပ်ဆောင်နေတဲ့ကဏ္ဍတွေရှိတယ်။ အဲ့ဒီမှာ ဘယ်သူတော့ သာတယ်၊ ဘယ်သူကတော့ နာတယ်ဆိုတဲ့ ကိစ္စမျိုးတွေမရှိသင့်ဘူး။ အားလုံးက ကိုယ့်ခံယူချက်နဲ့ကိုယ်လုပ်တာမို့လို့ စံရတယ်၊ နာရတယ်ဆိုတာမျိုး မခံယူထိုက်ဘူး။

ဒုတိယကမ္ဘာစစ်အကြောင်းတွေ ဖတ်တိုင်းတွေးမိတဲ့အတွေးရှိတယ်။ စစ်ကြီးတုန်းက ရှေ့တန်းမှာ စစ်တိုက်တဲ့လူက တိုက်၊ စက်ရုံတွေမှာ စစ်လက်နက်တွေထုတ်တဲ့ အမျိုးသမီးတွေက ထုတ်၊ သတင်းရေးတဲ့လူက ရေး၊ ဒဏ်ရာရတဲ့လူတွေကို သူနာပြုတဲ့လူက ပြု၊ မြို့ထဲကိုလေယာဉ်တွေဗုံးကြဲရင် လေကြောင်းဥဩဆွဲဖို့ ကင်းစောင့်တဲ့မိန်းမတွေကစောင့်။ အဲ့ဒီလို ကိုယ်စီတာ၀န်ယူနေပြီး ဟန်ချက်ညီညီလှုပ်ရှားနေကြတဲ့အချိန်မျိုးမှာ ဘယ်သူက ပိုပြီးအနစ်နာခံတယ်၊ ဘယ်သူကတော့ အသာစံနေတယ်ပြောလို့ရမလဲ။ အားလုံးက သူ့တန်ဖိုး သူရှိစွာနဲ့ရပ်တည်နေကြတာ။ မိန်းမတွေသာ စစ်ကြီးအတွင်းက မြို့တွေကိုမစောင့်ရှောက်ထားပေးရင်၊ စစ်လက်နက်တွေ အလုံအလောက်မထုတ်ပေးနိုင်ရင် ရှေ့တန်းရောက်နေတဲ့လူတွေ အကုန် မာလကီးယားမှာပဲ။ ဒီတိုင်းပဲ သတင်းသမားတွေသာ ကလောင်မကိုင်ခဲ့ရင် ကမ္ဘာကြီးမှာ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ ဘယ်သူသိမှာလဲ။ အဲ့ဒီလိုတစ်ဦးချင်းစီရဲ့ မတူညီတဲ့စွမ်းရည်တွေကို အသိအမှတ်မပြုပဲ ရှုပ်ပါတယ်ကွာ ရှိသမျှလူအားလုံး စစ်ထဲ၀င် လက်နက်ကိုင်ဆိုလို့ကတော့ ဘယ်လိုလုပ် အနိုင်တိုက်ကြမလဲ။ နောက်ပြီး သတင်းသမားကို စစ်တိုက်ခိုင်း၊ တိုက်ရဲ ခိုက်ရဲ ရှိတဲ့လူကို သူနာပြုခိုင်း၊ သူနာပြုတွေကို သတင်းရေးခိုင်းရင်လည်း ဘယ်လိုလုပ်တန်ဖိုးရှိတော့မှာလဲ။ ဒါကြောင့် ကိုယ်ရောက်နေတဲ့နေရာနဲ့ ကိုယ်အားသန်ရာနဲ့ထပ်ထူနီးပါးဖြစ်မှသာ အကျိုးပြုနိုင်မှာဖြစ်တယ်။ အခုချိန်မှာတွေးရမှာက "ငါဘာမလုပ်ပေးနိုင်ဘူးဆိုပြီး အာသာပြေလေး" ရေးတင်နေတာထက် အခုအခြေနေထက်ထူးခြားသွားအောင် ဘာလုပ်ပေးနိုင်လဲဆိုတာ အမြဲတွေးနေသင့်တယ်။ အဲကွန်းခန်းလေးထဲမှာအေးဆေးနေ TVလေးဘာလေးကြည့် သာမန်နေ့ရက်တွေလိုဖြတ်သန်း ညဘက်ကျမှ သူများတင်တာလေးတွေလိုက်ဖတ်ပြီး "ဘာမှမလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတာ"က ကိုယ့်စိတ်ကိုယ်အာသာ‌ဖြေရုံ၊ အာပတ်လွတ်ရုံကလွဲလို့ ဘာမှထူးမလာဘူး။ ခုတော့ အာသာပြေးလေးတွေရေးတင်၊ လက်နက်မကိုင်ရင်ပဲ မဟာအဝီဇီကိုပဲဇောက်ထိုးဆင်းတော့မလိုလို၊ ဒါမှမဟုတ် မအလတို့အုပ်စုနဲ့ပဲငယ်ပေါင်းကြီးဖော်ဖြစ်သွားသလိုလို။ အဲ့လိုတွေရေးတင်နေတာက ပတ်၀န်းကျင်အတွက်ရော၊ ကိုယ့်အတွက်ရော ဘာအကျိုးမှမရှိဘူး။ သာမန် အာသာဖြေရုံသက်သက်ပဲ။ စစ်တပ်ထဲမှာတောင်မှ လက်နက်ကိုင်စရာမလိုတဲ့ ဆေးတပ်၊အင်ဂျင်နီယာတပ်၊ဆောက်လုပ်ရေးတပ်၊ ဆက်သွယ်ရေးတပ်၊ ပို့ဆောင်ရေးတပ်ဆိုတာမျိုးတွေရှိသေးတာပဲ။ ဒါကြောင့် လိုင်းပေါ်မှာ ထိုင်တောင်းပန်နေတာထက် ကိုယ်ဟာ ဘယ်နေရာမှာ အကျိုးပြုတယ်ထင်လဲတွေးသင့်တယ်။ နောက်ဆူံး အရေးတော်ပုံကာလအတွင်း အကျိုးပြုဖို့ အခြေအနေမရခဲ့ရင်တောင် တိုင်းပြည်ပြန်လည်ထူထောင်ရေးကာလမှာ အကျိုးပြုလို့ရနိုင်သေးတာပဲ။ ပထမအဆင့်အနေနဲ့ အရေးကြီးဆုံးက ဓမ္မဘက်မှာရပ်တည်ဖို့ပဲ။ ဒုတိယအဆင့်ရောက်မှ ကိုယ်ဘာဆက်လုပ်မလဲဆက်စဉ်းစား။ အဲ့လိုမှမဟုတ်ပဲ အာသာပြေရေးတင်နေရင်တော့ တစ်ကယ်လုပ်နေတဲ့လူတွေ စိတ်အနှောငိ့အယှက်ဖြစ်တယ်။ ကိုယ်ကတော့ သူတောင်းစားနည်းနဲ့ အတန်းရှင်းရှာလိုက်ပေမယ့် ဟိုမှာတစ်ကယ်အင်တိုက်အားတိုက်နဲ့လုပ်နေတဲ့လူတွေကို အနှောင့်အယှက်ဖြစ်စေတယ်။


သူရဲကောင်းဆိုတာ ခြေကျိုး၊လက်ကျိုး၊စုတ်ပြတ်သတ်၊ အသေဆိုးနဲ့သေမှ သူရဲကောင်းဘွဲ့ရတာမဟုတ်ဘူး။ ကိုယ်ပါ၀င်ရတဲ့နေရာမှာ ရွပ်ရွပ်ချွံချွံဆောင်ရွက်နိုင်ရင်လည်း အသက်ရှင်လျက်၊ အကောင်းပကတိရှိလျက် သူရဲကောင်းဖြစ်ထိုက်တယ်။ သေရဲမှ သူရဲကောင်း‌၊ ဘ၀ပျက်ရဲမှ သူရဲကောင်းဆိုတဲ့ အတွေးအခေါ်တွေကို မြန်မာလူမျိူးတွေရဲ့ ဦးနှောက်ထဲမှာ ရိုက်သွင်းပေးခဲ့ကြတယ်။ တစ်ကယ်တော့ အဲ့တာဟာ မမှန်ဘူး။ ဒုတိယကမ္ဘာစစ်မှာ ကိုယ်အားကျခဲ့ရတဲ့ သူရဲကောင်းတွေက အခြားမဟုတ်ဘူး၊ ဂျာမန်ပိုင်နက်ထဲမှာ လေထီးနဲ့ခုန်ဆင်းပြီး လမ်းပျောက်နေတဲ့မဟာမိတ်တပ်သားတွေကို စပိန်နိုင်ငံရဲ့ပိုင်နက်ထဲ‌ကတစ်ဆင့် ခက်ခက်ခဲခဲခေါ်ထုတ်ပြီး ကယ်တင်ပေးခဲ့တဲ့ အဖွဲ့တွေ။ အဲ့ဒီအဖွဲ့တွေက မဟာမိတ်တပ်သား‌ သိန်းဂဏန်းလောက်ကို သူတို့နိုင်ငံအသီးသီးဆီပြန်ပို့ပေးနိုင်ခဲ့တယ်။ သူတို့နေရပ်နိုင်ငံပြန်ရောက်တဲ့စစ်သားတွေက နောက်ထပ်တစ်ခေါက် စစ်ထပ်ထွက်တာတို့၊ မိသားစုနဲ့ပြန်တွေ့တာမျိုးလုပ်ကြတာပေါ့။ ဒါကြောင့် ကိုယ်တတ်နိုင်တဲ့နေရာကနေ တတ်နိုင်သလောက်ပါ၀င်သင့်တယ်။ ဟိုဟာလုပ်မှ သတ္တိရှိတာ၊ ဒီဟာလုပ်မှ အနစ်နာခံတာဆိုပြီး လျှောက်ပြောနေရင် ကြာလာတော့ သူကသာတယ်၊ ငါကနာတယ်ဆိုတာမျိုးတွေဖြစ်လာရော။ ကိုယ့်ကိုကိုယ်အပြစ်ရှိတယ်လို့ တစ်ကယ်ခံစားနေရတယ်ဆိုရင်လည်း လိုင်းပေါ်တတ်ရေးလိုက်ရုံနဲ့ အပြစ်တွေကြေသွားမှာမဟုတ်ဘူး။ ဘုန်းကြီးဆီမှာ အပြစ်ရှိတယ်ဆိုပြီး အပြစ်သားတစ်ယောက်က ၀န်ခံလိုက်သလိုပဲ။ ရလာဒ်ကတော့ ရင်ထဲပေါ့သွားမယ်၊ ကိုယ်တာ၀န်ကျေတယ်လို့ ခံစားလိုက်ရမယ်။ တစ်ကယ်တမ်းကျတော့ ဘယ်သူ့ကိုမှအကျိုးမပြုဘူး။ ဒါကြောင့် အာပတ်လွတ်အောင် "ဟိုဟာမလုပ်နိုင်လို့ တောင်ပန်းပါတယ်တို့၊ ဟိုဟာမလုပ်ရင် တာ၀န်မကျေဘူး"တို့ဆိုပြီး အားတိုင်းယားတိုင်း လုပ်စရာအလုပ်မရှိတိုင်း တောိရိလျောရိလေးနဲ့ လိုင်းပေါ်မှာ အာသာဖြေထိုင်ရေးတင်နေတာမျိုးက အဆိပ်အတောက်သာသာသက်သက်ပဲ။ ပြောချင်တာကတော့ "မိတ်ဆွေ အာသာမဖြေခြင်းဖြင့် ကူညီပါ"။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page