top of page

စာအုပ်ကြီးဝါဒ

  • Writer: Revolution 4.0
    Revolution 4.0
  • May 11, 2021
  • 1 min read

KNUကို ဖောက်ပြန်ရေးသမားမဖြစ်အောင် ပြည်မက အနီကြောင်တွေက ကယ်အုံးမယ်‌တဲ့။ ဗကပကြီး သက်ရှိထင်ရှားရှိနေတုန်းကတောင် တိုင်းရင်းသားတွေက အနီတွေနဲ့ခပ်ဝေးဝေးမှာနေခဲ့ကြတာ။ အနီတွေနဲ့ပလဲနံသင့်တဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကလည်း ‌အနီဝါဒကိုကြိုက်လွန်းလို့တော့မဟုတ်ဘူး။ တရုတ်ပြည်ကရတဲ့ စစ်ရေးအကူအညီ၊ ငွေရေးအကူအညီလိုချင်လို့ မချစ်သော်လည်း အောင့်ကာနမ်းခဲ့ကြတာ။

တစ်ကယ်တော့ အနီဝါဒမှာကိုက တိုင်းရင်းသားအခွင့်အရေးဆိုတာ မရှိဘူး။ ပြည်သူ့အခွင့်အရေးဆိုတာပဲရှိတယ်။ ဗကပတို့ တစ်လျှောက်လုံး လုပ်ခဲ့တဲ့ လက်နက်ကိုင်လမ်းစဉ်ကိုက "ပြည်သူ့ဒီမိုက‌ရေစီတော်လှန်ရေး"ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးကျတော့ "အမျိုးသားဒီမိုက‌ရေစီတော်လှန်ရေး"။ ဗကပတွေထင်ထားတာက "ပြည်သူ့တော်လှန်ရေး"အောင်‌မြင်ရင် တစ်နည်းအားဖြင့် ပြည်သူတစ်ရပ်လုံးလွတ်မြောက်သွားရင် "အမျိုးသားတော်လှန်ရေး"ဆိုတဲ့ တိုင်းရင်းသားအခွင့်အရေးတွေလည်း အလိုအလျောက်ရသွားမယ်ပေါ့။ ဒါပေမဲ့ ဗကပရဲ့ တစ်ပြည်လုံးလွတ်မြောက်တာနဲ့ တိုင်းရင်းသားတွေပါအလိုအလျောက် လွတ်မြောက်သွားမယ်ဆိုတဲ့ လမ်းစဉ်ကြီးကို ဗကပရဲ့တပ်ထဲမှာရှိတဲ့ "၀"တွေ "ကိုးကန့်"တွေက လက်မခံခဲ့ကြဘူး။ အဲ့ဒီတုန်းက "၀"တွေ "ကိုးကန့်"တွေတွေးတဲ့ အတွေးက "ငါတို့ပြည်နယ်မှာ ဗမာစစ်တပ်တွေလည်းမရှိတော့ဘူး။ ပြောပြရင် ငါတို့ဒေသက လွတ်မြောက်နေပြီ။ ဘာအတွက်ကြောင့် ငါတို့က ဗကပအတွက်ဆက်တိုက်ပေးနေရအုံးမှာလဲ။ တစ်ပြည်လုံးလွတ်မြောက်ဖို့ကို ငါတို့တိုင်းရင်းသားတွေက အသက်ပေးတိုက်ရမယ်ဆိုတာ မဖြစ်နိုင်ဘူး"ဆိုတဲ့ အမြင်မျိုးရှိခဲ့တယ်။ နောက်တော့ ဗကပရဲ့ လမ်းစဉ်အမှားကြီးကို မကျေနပ်လို့ "၀"တွေ "ကိုးကန့်"တွေက ဦးဆောင်ပြီး ဗကပထဲမှာ ပါတီအာဏာသိမ်းပွဲကြီးဖြစ်လာတယ်။ ဗကပရဲ့ ဗဟိုကော်မတီ၀င်တွေ ‌တရုတ်ပြည်ထဲထွက်ပြေးခဲ့ရတယ်။ အဲ့ဒီကစလို့ ၀ တွေက ဗကပရဲ့ ပြည်သူ့တော်လှန်ရေးဆိုတာဖြုတ်ချပြီး အမျိုးသားတော်လှန်ရေးကိုဆွဲကိုင်ခဲ့တယ်။ ဒါကမြန်မာပြည်အနီဝါဒရဲ့ သမိုင်းထဲက အမှားကြီး။


တစ်ကယ်တော့ မြန်မာပြည်မှာ ပဒေရာဇ်သမိုင်းရှိခဲ့တော့ အစုအဖွဲ့ချင်းစီအလိုက် "လူမျိုးဂုဏ်၊ဇာတိဂုဏ်"ဆိုတာ အင်မတန်စကားပြောတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့တိုင်းရင်းသားအရေးကိုစဉ်းစားမယ်ဆိုရင် လူမျိုးစုတွေရဲ့ မတူညီတဲ့သရုပ်လက္ခဏာကို လက်တွေ့ကျကျ အသိအမှတ်ပြုမှု၊ နားလည်လိုမှု ရှိဖို့လိုတယ်။ ဥပမာ - ရခိုင်ပြည်နယ်ကိုကိုယ်တွယ်သလို ကရင်နီပြည်နယ်ကိုသွားကိုင်တွယ်လို့မရဘူး(ကယားပြည်နယ်)။ ဘာလို့ဆို အဂ်လိပ်မကျူးကျော်ခင်က ရခိုင်ပြည်နယ်ကို ဘိုးတော်ဘုရားကသွားသိမ်းထားလို့ မြန်မာနိုင်ငံထဲပါနေပေမယ့် ကရင်နီနယ်ကျတော့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်နေတာ။ ဒီတော့ သူတို့အစုအဖွဲ့တွေနဲ့ဆက်ဆံတဲ့အခါ မတူညီတဲ့နည်းလမ်းတွေကို အသုံးပြုဖို့လိုတယ်။ အကုန်သိမ်းကျုံးပြီး ရောချလို့မရဘူး။ ဒါပေမဲ့ စာအုပ်ကြီးထဲခေါင်း၀င်နေတဲ့ အနီတွေက လက်တွေ့နဲ့ဝေးကွာခဲ့တယ်။ သီအိုရီဆန်ဆန်၊စိတ်ကူးယဉ်ဆန်ဆန်နဲ့ တိုင်းရင်းသားအရေးကို ရှုမြင်ခဲ့ကြတယ်။ သူတို့နဲ့အမြင်မတူတဲ့တိုင်းရင်းသားအဖွဲ့တွေကို "ဓနရှင်တိုင်းရင်းသားအမြင်"ဆိုပြီး တံဆိပ်ကပ်တိုက်ခိုက်ခဲ့တယ်။ ဗကပရှိတုန်းကဆို KNU KIAကို နိုင်ငံရေးအရ စစ်ရေးအရတိုက်ခိုက်ခဲ့တာတွေအများကြီးရှိတယ်။ ဒါပေမဲ့ အဆုံးသတ်က အနီပါတီသာပြိုကွဲပြီး အနီသမားတွေ တရုတ်ပြည်ထဲထွက်ပြေးခဲ့ရတယ်။


ဒီလို သမိုင်းအမှားကြီးမျိုး နောက်တစ်ခေါက်ထပ်မဖြစ်စေချင်တော့ဘူး။ တိုင်းရင်းသားတွေပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ် "ခင်ဗျားဟာ ဗမာဖြစ်နေရင် ဒါမှမဟုတ် တိုင်းရင်းသားဒေ‌သပြည်နယ်က ဒုက္ခတွေကို ကိုယ်တိုင်မခံစားဘူးရင်၊ တိုင်းရင်းသားတွေကို ဘယ်လောက်ကိုယ်ချင်းစာပါတယ် သနားပါတယ်ပဲပြောပြော ခင်ဗျားဟာတိုင်းရင်းသားတွေရဲ့ ဒုက္ခကိုတစ်ကယ်နားလည်တဲ့သူမဖြစ်နိုင်ဘူး"။ ဒီလိုအမြင်တွေကလည်း တိုင်းရင်းသားတွေရဲ့ နှစ်၇၀ပြည်တွင်းစစ်ရဲ့ ခါးသီးတဲ့အတွေ့အကြုံကနေကလာတဲ့ အမြင်တွေဖြစ်တယ်။ ဒါကြောင့် ဗမာတွေဟာ လက်တွေ့မှာ ဖက်ဒရယ် ဖက်ဒရယ်ဆိုတာကို ကြားကောင်းရုံသာပြောနေပြီး တစ်ကယ်တမ်း အကျိုးစီးပွားခြင်း ထိပ်တိုက်တိုးတဲ့အခါ "ငါတို့သာ အရှင်၊ ငါတို့သာ သခင်၊ ငါတို့သာ ဦးဆောင်သူ"ဆိုတဲ့ စိတ်ဓာတ်က အရိုးထဲစွဲနေတုန်းပဲ။


အနှစ်ချုပ်ကတော့ တိုင်းရင်းသားတွေအနေနဲ့ဘယ်လိုရပ်တည်ချက်ထားထား၊ ပထမဆုံး ဘာကြောင့် ဒီလိုရပ်တည်ချက်ထားတာလဲ သိဖို့၊နားလည်ဖို့ အရင်ကြိုစားသင့်တယ်။ နောက်ထပ်တစ်ဆင့်ရောက်မှ မတူညီတဲ့အမြင်တွေကို ဆွေးနွေးညှိုနှိုင်းဖလှယ်ပြီး ကိုယ့်ဘက်ပါအောင်စည်းရုံးသင့်တယ်။ နိုင်ငံရေးသမားဆိုတာ ကိုယ့်ဘက်ပါလာအောင် အတွေးအခေါ်အရ စည်းရုံးရတာပဲ။ ရည်ရွယ်ချက်ချင်းတူနေတဲ့လူကို နောက်ထပ် လမ်းချင်းတူသွားအောင် ကိုယ့်ဘက်ပါလာအောင် မစည်းရုံးနိုင်ရင်တော့ နိုင်ငံရေးသမားလုပ်စားမနေနဲ့။ ခွက်တစ်လုံးကိုင်ပြီး တောင်းစား :3။ ထပ်ပြောရရင် လွတ်လပ်ရေးမရခင်ခေတ်ကတည်းက တိုင်းရင်းသားနဲ့ဗမာဆိုတာ "မျိုးတူစု"နေထိုင်လာခဲ့ကြတာ။ ပြည်ထောင်စုဆိုတာ ရှိခဲ့တာမဟုတ်ဘူး။ ဒီတော့ ဗမာအကျိုးစီးပွားဟာ တိုင်းရင်းသားအကျိုးစီးပွား ဖြစ်ချင်မှဖြစ်မယ်။ ထို့အတူ တိုင်းရင်းသားအကျိုးစီးပွားဟာလည်း ဗမာအကျိုးစီးပွားဖြစ်ချင်မှဖြစ်လိမ့်မည်။ အဲ့ဒီအချက်ကိုကောင်းကောင်းနားလည်ထားရင် ဗမာတွေ‌အနေနဲ့ တိုင်းရင်းသားတွေကို တစ်စုံတစ်ရာ အမြင်ကျယ်ကျယ် မြင်ကြည့်နိုင်လိမ့်မယ်ထင်တယ်။ ဒီလိုမှမဟုတ်ပဲ တိုင်းရင်းသားတွေကို တို့ကယ်တင်မှရမယ်၊ငါတို့ကသာ ဦးဆောင်သူလို့ထင်နေရင်တော့ ဗမာနဲ့တိုင်းရင်းသားကြား ပြသာနာတွေက အမြဲရှိနေအုံးမှာပဲ။ credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page