top of page

လူမှူဘ၀ပြိုလဲခြင်း

  • Writer: Revolution 4.0
    Revolution 4.0
  • May 7, 2021
  • 2 min read


Bankတွေ ပြိုလဲရင်အောက်ခြေလူတန်းစားတွေထိခိုက်မှာကြောက်လို့ ငွေမထုတ်ကြပါနဲ့တဲ့။ တော်တော်လည်း ရယ်ချင်စရာကောင်းတယ်။ အောက်ခြေလူတန်းစားတွေက Feb 1ရက်နေ့ကတည်းက ပြိုလဲခဲ့ပြီးပြီ။ သူတို့မှာ ဒီထက်ဆိုးတာတွေလာဖို့ပဲရှိတော့တယ်။ နဂိုမူလအခြေအနေတွေပြန်ရောက်ရင်တောင် အောက်ခြေလူတန်းစားတွေက နာလန်ပြန်ထူဖို့ ဆယ်စုနှစ်တစ်ခုကြာအောင် အချိန်ပြန်ယူရလိမ့်မယ်။


တစ်ကမ်တမ်း bankတွေပြိုလဲမှာကို ‌အသေအလဲကြောက်နေတာက ရေပေါ်ဆီ လူ့မလိုင်စောက်သုံးမကျလူတန်းစားရယ်၊ လူလတ်တန်းစားထဲက တစ်ချို့ရယ်။ ဘာလို့ဆို bankတွေပြိုကျသွားရင် အရင်ဦးဆုံးထိမှာက ဘဏ်တွေကနေ ရင်းနှီးမြှပ်နှုံ့မှုလုပ်‌နေတဲ့လူတွေ၊ ငွေအပ်စုဆောင်းထားတဲ့လူတွေပဲ။ သာမန်လူတန်းစားတစ်ယောက်အတွက်ကတော့ ဘဏ်အကောင့်ဆိုတာ ငွေထုတ်၊ငွေလွှဲဖို့အတွက်ပဲသုံးကြတာများတယ်။ တစ်ကယ်လို့ ငွေစုတယ်ဆိုရင်တောင် ရာနဲ့ချီတဲ့ပမာဏမရှိနိုင်ဘူး။ ဘဏ်တွေပြိုလဲသွားရင် ပထမဆုံးခံစားရမှာက လူ့မလိုင်တွေရယ်၊ လူလတ်တန်းစားတွေရယ် နောက်ကျမှ အောက်ခြေလူထုကို တဖြည်းဖြည်းရိုက်ခတ်လာပြီး စနစ်ကြီး တစ်ခုလုံးပျက်စီးသွားမယ်။ စစ်ကောင်စီလည်း အထိနာမယ်၊ ပြည်သူလည်း အထိနာမယ်။ ဒါပေမဲ့ ပြည်သူတွေက အာဏာပိုင်မဟုတ်တဲ့အတွက် ပြည်သူတွေ ပိုအထိနာမယ်။ စစ်ကောင်စီကတော့ အာဏာပိုင်ဖြစ်နေတဲ့အတွက် သူတို့မှာ တစ်ခြားရပေါက် ရလမ်း ကဏ္ဍတွေအများကြီးကျန်ရှိနေသေးတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ fail stateဖြစ်တာ မဖြစ်တာထက်၊ စီးပွားရေးအရကတော့ fail stateကျိန်းသေဖြစ်လိမ့်မယ်။ အဲ့ဒီစီးပွားရေးပျက်ကပ်ကို အဓိကတိုက်ရိုက်ခံစားရမှာကလည်း အောက်ခြေက ကျောမွဲ လက်လုပ်လက်စား လူတန်းစားပဲဖြစ်တယ်။ နောက်ကျမှ တဖြည်းဖြည်း လူလတ်တန်းစားကိုထိလာမယ်။ လူလတ်တန်းစားကတော့ ကာယအလုပ်သမားထက် ညဏ်ဏအလုပ်သမားကများတော့ တစ်စုံတစ်ရာ ထောက်ခံအားရှိတယ်။ ဒါပေမဲ့ ကာယအားကို အဓိကမှီခိုပြီးလုပ်စားရတဲ့ လက်လုပ်လက်စားလူတန်းစားကတော့ အလူးအလဲ လှိမ့်ပိတ်ပြီးခံရမယ်။


Feb 1ရက်နေ့ကစတဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်ဟာ ပျက်စီးခြင်းငါးပါးနဲ့ နဖူးတွေ့၊ဒူးတွေ့ တွေ့ရတော့မယ်။ နိုင်ငံခြားကပိတ်ဆို့အရေးမှုတွေကြောင့် လုပ်လက်စ လုပ်ငန်းတွေအများအပြားလည်းရပ်ဆိုင်းကုန်ပြီ၊ တစ်ချို့က ပိတ်သိမ်းကုန်ပြီ။ အဲ့ဒီကနေ ဖြစ်ပေါ်လာမယ့်ရလာဒ်က သိန်းနဲ့ချီ၊ သန်းနဲ့ချီတဲ့ အလုပ်လက်မဲ့တွေအများအပြားဖြစ်လာမယ်။ နောက်ပြီး CDMကြောင့် လူထု၀န်ဆောင်မှုကဏ္ဍတွေဖြစ်တဲ့ ပညာရေး၊ကျန်းမာရေးကလည်း အသက်ငင်နေပြီ။ ဆရာ၀န်တွေ၊ ဆေးရုံတွေ CDMလုပ်လို့ ရောဂါဖြစ်တာတောင် ပြဖို့ဆေးရုံမရှိ၊ဆရာ၀န်မရှိတာတွေကြောင့် အသက်မမှီလိုက်ရတဲ့ လူနာအရေအတွက်တွေ အောက်ခြေလူတန်းစားမှာ ဘယ်လောက်ထိများနေပြီလဲ။ ပိုက်ဆံရှိတဲ့လူကတော့ ငွေအားနဲ့ပုဂ္ဂလိက ဆေးရုံတတ်နိုင်ပေမယ့် ကျောမွဲတွေကတော့ အစိုးရဆေးရုံတွေကိုပဲ အဓိကအားထားနေရတာ။ နောက်ပြီး ပညာရေးကဏ္ဍမှာဆိုရင်လည်း ဆရာမတွေ၊ကျောင်းသူ ကျောင်းသားတွေရဲ့ CDMကြောင့် ပညာရေး၀န်ဆောင်မှုဟာ အောက်ခြေမူလတန်းပညာကစလို့ ဟိုးအပေါ်ဆုံး တက္ကသိုလ်အဆင့်အထိ အကုန်ရပ်ဆိုင်းကုန်ပြီ။ မြန်မာပညာရေးစနစ်ဟာ စုတ်ပြတ်သတ်နေတယ်ဆိုပေမယ့် အဲ့ဒီကထွက်ပေါ်လာတဲ့ အနည်းငယ်သော လူနည်းစု ဘွဲ့ရပညာတတ်တွေကလည်း တိုင်းပြည်ရဲ့တည်‌ဆောက်ရေးအတွက် အကျိုးပြုတာတွေရှိတယ်။ အခုတော့ အဲ့ဒီလူနည်းစုတွေကိုပါလက်လွှတ်ရတော့မယ့် အနေအထားမျိုးဖြစ်နေပြီ။ ပညာရေးကဏ္ဍရပ်ဆိုင်းသွားတာနဲ့ စာမတတ်မြောက်မှုနှုန်းတွေ၊ ကျွမ်းကျင်လုပ်သား ရှားပါးမှုတွေ၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆုံးရှုံးမှုတွေ စသဖြင့်တဖြည်းဖြည်းများပြားလာမယ်။ ပိုက်ဆံရှိတဲ့လူတွေက နိုင်ငံခြားမှာကျောင်းတတ်တာတို့၊ ‌အွန်လိုင်းပေါ်ကနေ စာသင်တာတို့ လုပ်နိုင်ပေမယ့် အစိုးရကျောင်းကိုသာ‌အားကိုးနေရတဲ့ အောက်ခြေလူတန်းစားမိသားစုဘ၀တွေက ပိုပြီးတော့နိမ့်ကျလာမယ်။ အလုပ်လက်မဲ့နှုန်းတွေ၊ ၀င်ငွေကျဆင်းမှုနှုန်းတွေ တိုးလာတာနဲ့အမျှ ရာဇ၀တ်မှုတွေ၊ ခိုးယက်မှု၊ဓားပြမှုတွေ၊ အကြမ်းဖက်မှုတွေပါ တဖြည်းဖြည်းမြင့်တတ်လာပြီး တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးစနစ်ပါ ပျက်စီးလာမယ်။ တရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ ပတ်၀န်းကျင်တစ်ခုမှာ နေထိုင်ရတဲ့သူတွေဟာ ‌လူမှုလုံခြုံမှုဘ၀တွေဆုံးရှုံးလာပြီး စီးပွားရေး၊ကျန်းမာရေး၊ပညာရေး ဘာတစ်ခုမှကောင်းကောင်းမွန်မွန်ဆောင်ရွက်လို့ရမှာမဟုတ်တော့ဘူး။ အဲ့ဒီအကျိူးဆက်တွေဟာ ကိုယ်တွေမျိုးဆက်မှာတင် ပြီးဆုံးသွားမှာမဟုတ်ပဲ နောင်လာမယ့် မျိုးဆက်တစ်ခုထိပါ လက်ဆင့်ကမ်းသယ်ယူသွားရလိမ့်မယ်။ အနာဂတ်ရဲ့ လူသားအရင်းအမြစ်တွေဖြစ်တဲ့ ကလေးငယ်တွေရဲ့ဘ၀မှာ ကလေးလုပ်သားနှုန်းတွေ၊ ပညာမတတ်မြောက်မှုနှုန်းတွေ၊ ၀င်ငွေမရှိတဲ့အတွက် အဟာရမပြည့်ပဲ သေဆုံးတဲ့ကလေးငယ်အရေအတွက်တွေ၊ အရွယ်မရောက်ခင် သေဆုံးနှုန်းတွေ၊ ကလေးသူငယ်ဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ၊အခွင့်အရေးဆုံးရှုံးမှုတွေ၊ စိတ်ဒဏ်ရာတွေ စသဖြင့် အမျိုးမျိုးသော ပြသာနာတွေက အနာဂတ်မျိုးဆက်တွေအထိပါ ဆက်ခံရမယ့်သဘောမျိုးတွေ ဖြစ်လာနေတယ်။ ဒါကြောင့် တိုင်းပြည်ဟာ အဘက်ဘက်ကနေ ယိုးယွင်းပျက်စီးလာနေပြီ။ နောက်ထပ် လေး၊ငါး၊ခြောက်လဆို စနစ်ရဲ့ယိုးယွင်းပျက်စီးမှုတွေကို ကိုယ်တိုင်စတင်ခံစားလာရတော့မယ့် အနေအထားမျိုးရောက်လာတော့မယ်။


အာဏာသိမ်းတာကြောင့် ဒီလိုအကျိုးဆက်တွေ ပေါ်ထွက်လာနေတဲ့အပြင်၊ နဂိုကတည်းက ရှိ‌နေတဲ့ ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းနှုန်းထားတွေပါထပ်ပေါင်းထည့်လိုက်ရင် တိုင်းပြည်ဟာ နိုင်ငံရေးအရ fail stateဖြစ်တာ မဖြစ်တာ အသာထား၊ လူမှုရေးအရ၊စီးပွားအရေးအရတော့ fail stateဆိုတဲ့ "ကျဆုံးနိုင်ငံ"စီကို မိုင်ကုန်ဖွင့်ပြီးမောင်းနေတဲ့ ပြိုင်ကားတစ်စီးလို ဖြစ်နေပြီ။ အဲ့ဒီလိုမိုင်ကုန်ဖွင့်ထားပြီး "ပျက်သုဉ်းခြင်း"ဆိုတဲ့ ချောက်ကမ်းပါးထဲကို အရှိန်ပြင်းပြင်းနဲ့မောင်းနေတဲ့ကားတစ်စီးအနေနဲ့ နောက်ထပ် "ပြည်တွင်းစစ်"ဆိုတဲ့ " Turbo"ကိုပါ ထပ်ဖွင့်လိုက်မယ်ဆိုရင်တော့ မြန်မာပြည်ဟာ မတွေးရဲစရာကောင်းလောက်အောင် ဘာဆက်ဖြစ်မယ်မှန်းဆိုတာ ခန့်မှန်းလို့မရလောက်အောင်ပဲ။ ဒါပေမဲ့ အာဏာသိမ်းမှုကနေထွက်ပေါ်လာတဲ့ဆိုးကျိုတွေ၊ ကိုဗစ်ကနေထွက်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုတော့ အောက်ခြေကျောမွဲလူတန်းစားက တင်းပြည့်ကျပ်ပြည့် တိုက်ရိုက်ခံစားရတယ်။ ‌လူလတ်တန်းစားကတော့ ထိသင့်သလောက်ထိတယ်။ ဒါပေမဲ့ အခြေအနေမပျက်သေးဘူး ကျားကန်လို့ရသေးတယ်။ လူ့မလိုင်လူတန်းစားကတော့ အခြေအနေမပျက်ဘူး အေးဆေးပဲ။ အစိုးရဆေးရုံတို့၊ အစိုးရကျောင်းတို့ဆိုတာက သူတို့ကနဂိုကတည်းကမှီခိုနေရတာမဟုတ်တဲ့အတွက် အစိုးရယန္တားရားတွေ ရပ်သွားတာက သူတို့အတွက် ထူးပြီး၀မ်းနည်းစရာမရှိဘူး။


ဒါပေမဲ့ သူတို့နဲ့တိုက်ရိုက်သက်ဆိုင်တဲ့၊ သူတို့အကျိုးစီးပွားတွေရင်းနှီးထားကြတဲ့ ဘဏ်စနစ်တွေ၊‌ ငွေကြေးစနစ်တွေပြိုလဲမှာကိုတော့ အသေအလဲကြောက်နေကြတယ်။ ဒီတော့ စာအရှည်ကြီးတွေထရေးကြတာပေါ့။ ဘဏ်တွေပြိုလဲတော့မယ်၊ digital paymentသုံးကြပါ၊ ငွေလာမထုတ်ကြပါနဲ့၊ ဘဏ်ပြိုလဲရင် ဘာဖြစ်မယ် ဘာဖြစ်မယ်ဆိုတဲ့ ဟောစာတမ်းတွေ တစ်သီတစ်တန်းကြီးထွက်လာတာပေါ့။ သူတို့စာထဲမှာတော့ "ငွေကြေးဖောင်းပွလာရင် အောက်ခြေလူတန်းစားဘ၀တွေပိုဆိုးမှာစိုးလို့ပါ"တဲ့။ ဒါပေမဲ့ အောက်ခြေလူတန်းစား ဘ၀တွေကတော့ ပျက်စီးခဲ့ပြီ။ ဒီ့ထက် ပျက်စီးစရာကလည်း "စစ်ဘေး"တစ်ခုပဲကျန်တော့တယ်။ ဒါပေမဲ့သူတို့ရေးတဲ့စာတွေကို အနှစ်ချုပ်လိုက်တော့ "ငါတို့လို ပိုက်ဆံရှိလူတန်းစား လှုတာတွေကိုပဲ မင်းတို့လိုဆင်းရဲနင်းပြားတွေက စား၊ ဒါပေမဲ့ ဘဏ်စနစ်ပြိုရင် ငါတို့ပြိုမယ်၊ ငါတို့ပြိုရင် မင်းတို့လည်းပြိုမယ်။ ငါတို့မကျွေးနိုင်ရင် မင်းတို့ငတ်မယ်။ ဒါကြောင့် ဘဏ်စနစ်မပြိုအောင် ငါတို့ကိုကျားကန်ပေး" စသဖြင့် ကိုယ်ပြိုလဲမှာကိုကြောက်တာကို ကြောက်တယ်လို့မပြောပဲ ဆင်းရဲသားတွေအတွက်ဆိုပြီး ခေါင်းစဉ်တပ်ကြတယ်။ အဲ့ဒီပြသာနာဟာ သမာရိုးကျအနေအထားမျိုးနဲ့ကြည့်ရင် မှန်သလိုထင်ရပေမယ့်၊ လူမှုတရားမျှတမှု ရှုထောင့်ကကြည့်မယ်ရင်တော့ အတော့်ကို ရုပ်ပျက်ဆင်းပျက် စက်ဆုပ်ရွံ့ရှာဖွယ်ရာကိစ္စဖြစ်တယ်။


ဘဏ်စနစ်တစ်ခုပြိုလဲရင် ဘယ်လောက်ထိဆိုးမလဲဆိုတာ ညဏ်တိမ်လို့မပြောတတ်ပေမယ့် ဘဏ်စနစ်ပြိုလဲမှာကိုကြောက်နေရင်တော့ နဂိုကတည်းက Bank CDMဆိုတာကို မလုပ်ခဲ့သင့်ဘူးထင်တယ်။ အခုတော့ ကိုယ့်ကိုတိုက်ရိုက်ထိတော့မယ်ဆိုတဲ့အခါမျိုးမှ bankတွေပြိုလဲမှာကို အသေအလဲကြောက်ပြနေတာဟာ ရှေ့နောက်မညီတဲ့တွေးခေါ်မှုမျိုးပဲ။ ခုတော့ "ကိုယ့်ထိမှ အမိတ"ဆိုတာမျိုးတွေ။ မြန်မာပြည်မှာ အခုဖြစ်နေတဲ့ပြသာနာက မနက်ဖြန်၊တစ်ဘက်ခါဆို ပြီးသွားမယ့်ပြသာနာမျိုးမဟုတ်တော့ဘူး။ Institutionပိုင်းဆိုင်ရာ အပြောင်းအလဲတွေ၊ တိုင်းပြည်ရဲ့ ပင်မရေးစီးကြောင်းစနစ်တွေကို ပြောင်းလဲရမှာဖြစ်လို့ အခြေအနေတွေဟာ ထင်ထားတာထက်ပိုကြာလိမ့်မယ်။ နှစ်နဲ့ချီ၊ ရာစုနဲ့ချီ၊ မျိုးဆက်နဲ့ချီ ကြာရင်လည်း ကြာသွားနိုင်တယ်။ အချိန်တိုတိုအတွင်း ဖြေရှင်းနိုင်ဖို့ကတော့ ဖြစ်နိုင်ခြေနည်းတယ်။ တစ်ကယ်လို့ အချိန်တိုတွင်း အဖြေရှာနိုင်မယ်ဆိုရင်တော့ တိုင်းပြည်ဟာ "သားရွှေအိုးထမ်း"သလိုပါပဲ။ ဒါပေမဲ့ စစ်ကောင်စီကရော၊ ပြည်သူဘက်ကရော ရှင်းရှင်းပြတ်ပြတ် radicalလမ်းကိုပိုကြိုက်ကြလို့ ထင်ထားတက် ပိုကြာသွားနိုင်တယ်။ အချိန်တွေကြာလာတာနဲ့အမျှကတော့ အောက်ခြေလူတန်းစားတွေရဲ့ လူမှုနေ့စဉ်ဘ၀တွေကတော့ တဖြည်းဖြည်းနိမ့်ကျလာပြီး နောက်ဆုံးမှာ ပျက်စီးခြင်းတံခါးကိုပဲ ဦးတည်နေတယ်။ သူတို့တွေအတွက်က ကားမစ့်ရဲ့ "နှောင်ကြိုးမှတစ်ပါး အခြားဆုံးရှုံးစရာမရှိ"က မှန်ပါလိမ့်မယ်။ ဒါပေမဲ့ လူလတ်တန်းစားနဲ့လူ့မလိုင်လူတန်းစားတွေကတော့ နှောင်ကြိုးတွေများလွန်းလို့ သူတို့အတွက်ထိခိုက်မယ့်ဟာမျိုးဆို အနှေးနဲ့အမြန် လက်ရှောင်နေကြလိမ့်မယ်။ ဒါဟာလည်း လူ့သဘာ၀ဆိုတော့ သိပ်အပြစ်မပြောချင်ဘူး။ ဒါပေမဲ့ အရမ်းကြီးလွန်ကဲလာ‌ရင်တော့ "တစ်ကိုယ်ကောင်းသမား အတ္တဝါဒီ"တွေပဲဖြစ်ကုန်ကြလိမ့်မယ်။ အဓိကပြောချင်တာကတော့ လူလတ်တန်းစားတွေအနေနဲ့ ကိုယ့်အတွက်ကိုမကြည့်ရဘူး မပြောဘူး၊ ကိုယ့်အတွက်ကိုယ်ကြည့်ကြပါ သဘာ၀ကျပါတယ် ဒါနဲ့တစ်ဆက်တည်းမှာပဲ တိုင်းပြည်အတွက်လည်း ကြည့်ပေးကြပါလို့ပဲ ပြောချင်တယ်။ credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page