ရခိုင်အရေး
- Revolution 4.0
- May 6, 2021
- 1 min read

ရခိုင်ပြည်နယ်က ဘူသီးတောင်၊မောင်တောမှာရှိတဲ့ ဒုက္ခသည်အရေးနဲ့ပတ်သတ်ပြီး သတိထားမိလိုက်တာက ဗမာတွေဟာ ပါးစပ်က ဖက်ဒရယ် ဖက်ဒရယ်နဲ့ လူမျိုးကြီးဝါဒမပျောက်သေးဘူးဆိုတာပဲ။
တစ်ကယ်တော့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး ဗမာတွေက သူသာလျှင် အရှင်၊ သူသာလျှင် သခင်ဆိုတဲ့စိတ်မျိုးသွားတွေ့ရတယ်။ တစ်ကယ်တော့ ဘူးသီးတောင်၊မောင်တောကိစ္စက ရခိုင်ပြည်နယ်မှာ တစ်ကယ်နေထိုင်တဲ့ ရခိုင်လူမျိုးတွေနဲ့ ရွှေ့ပြောင်းလာတဲ့ ဒုက္ခသည်တွေရဲ့အရေးကိစ္စ။ ဒါကြောင့် အဲ့ဒီကိစ္စအကြောင်းပြောဆိုတော့မယ်ဆိုရင် ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒသဘောထား၊ ရခိုင်ပြည်သူတွေရဲ့အသံ၊ ရခိုင်နိုင်ငံရေးပါတီတွေရဲ့အသံကိုနားထောင်ဖို့လိုတယ်။ နောက်ဆုံး ယုတ်စွအဆုံး AAရဲ့ရပ်တည်ချက်ကိုပါနားထောင်ဖို့လိုတယ်။ ခုချိန်ထိ ရခိုင်ပြည်သူရော၊ရခိုင်နိုင်ငံရေးပါတီတွေရောက အဲ့ဒီပြသာနာနဲ့ပတ်သတ်လို့ နှုတ်ဆိတ်နေတယ်။ ဒေါက်တာအေးမောင်တို့လို ရခိုင်အမျိုးသားရေးဝါဒီတွေကအစ။ AAရဲ့ရပ်တည်ချက်တောင်မှ ရောင်ဝါးဝါး။
ရခိုင်ပြည်နယ်ကိစ္စကို ဒေါ်စုလက်ထက်က ကိုဖီအာအန်ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တယ်။ နောက်တော့ ကိုဖီအာနန်ကော်မရှင်ရဲ့အစီရင်ခံစာတစ်စောင်ထွက်လာတယ်။ အဲ့ဒီအစီရင်ခံစာကို လုံးစေ့ပတ်စေ့မဖတ်ဖူးပေမယ့် ကြားရသလောက်ကတော့ "ရခိုင်ပြည်နယ်အရေးသည် သမိုင်းနှင့်ချီ ရှုပ်ထွေးသောကိစ္စဖြစ်သောကြောင့် ဆက်လက်စုံစမ်းစစ်ဆေးရမည်"ဆိုတာမျိုးတော့ သိခဲ့ရတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးကြောင့် လူ့အခွင့်အရေးချိူးဖောက်ခံနေရတဲ့ ဒုက္ခသည်တွေကိုတော့ အလျင်အမြန် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးရမယ်လို့ဖော်ပြထားတယ်။ ဒါကြောင့် ကိုဖီအာနန်ရဲ့အစီရင်ခံစာထဲမှာတောင် "ဘယ်အစုအဖွဲ့ကကျူးလွန်သူဖြစ်တယ်၊ ဘယ်သူကတော့ နိုင်ငံသားဖြစ်သင့်တယ်၊ တိုင်းရင်းသားဖြစ်သင့်တယ်"ဆိုတဲ့ ကံသေကံမ ဆုံးဖြတ်ချက်တွေဘာတစ်ခုမှ မပါဘူး။
တစ်ကယ်တော့ ပြသာနာထဲမှာ တစ်ကယ်တမ်းပါ၀င်ခံစားနေရတာက ရခိုင်လူထုနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေပဲ။ ၂၀၁၂ ၁၃မှာဖြစ်တဲ့ ပဋိပက္ခတွေမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာက အဲ့ဒီဘက်နှစ်ဘက်ပဲ။ နောက်ဆုံး NGOရုံးတွေ ကုလသမဂ္ဂရုံးတွေကို အကြမ်းဖက် ၀င်ရောက်ဖျက်ဆီးခဲ့တာကလည်း ရခိုင်ပြည်နယ်မှာပဲ။ ဒါကြောင့် ပြည်နယ်ကလူတွေရဲ့ အသံကိုနားထောင်ဖို့လိုတယ်လို့ ပြောနေတာဖြစ်တယ်။
ဒါပေမဲ့ မြန်မာပြည်ရဲ့ "လေလှိုင်းကြားကသုတေသီ"တွေကတော့ ဆောင်းပါးလေးတစ်ခု နှစ်ခုနဲ့ ပုံတိုပတ်စလေး နှစ်ပုဒ် သုံးပုဒ်လောက်ကြားဖူးပြီး ဟိုဟာလုပ်ရမယ်၊ ဒီဟာလုပ်ရမယ်ဆိုတဲ့ တောင်းဆိုချက်တွေ တွေ့လာတော့ တော်တော်ကို မျက်စိနောက်လာတယ်။ ပြည်မမှာနေပြီး ပြည်နယ်ဒေသခံတွေရဲ့အသံကို နားပိတ်ထားပြီး ဟိုပြည်နယ်ကတော့ဟိုလိုဖြစ်သင့်တယ်၊ ဒီပြည်နယ်ကတော့ ဒီလိုဖြစ်သင့်တယ်ဆိုတာမျိုးက ဗမာလူမျိုးကြီးဝါဒနဲ့အတူတူပဲ။ ဒါကြောင့် ပြည်နယ်တစ်ခုမှာဖြစ်တဲ့ကိစ္စကိုဖြေရှင်းတော့မယ်ဆိုရင် အဲ့ဒီပြည်နယ်က ဒေသခံတွေရဲ့အသံ၊ သူတို့ကိုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အသံကို အလေးအနက်နားထောင်ပြီးမှ အဖြေရှာသင့်တယ်။ အဲ့လိုမှမဟုတ်ပဲ ပါးစပ်ကတော့ ဖက်ဒရယ် ဖက်ဒရယ်အော်ပြီး လက်တွေ့ကျတော့ "ငါခိုင်းသလိုလုပ်စမ်းပါ၊ငါခိုင်းတာအမှန်၊ မင်းတို့မှားနေတယ်၊ ငါလုပ်ခိုင်းသလိုသာလုပ်ရင် မင်းတို့အဆင်ပြေသွားလိမ့်မယ်"ဆိုတာမျိုးပြောနေရင်တော့ ကိုယ်ရဲ့တစ်ကယ့်သရုပ်အမှန်ကဘာလဲ စဉ်းစားဖို့လိုလာပြီ။
ဒီလိုခေတ်မကောင်းတဲ့ကြားထဲကမှ လူထုဆီကလက်ခုတ်သံချူပြီး နိုင်ငံရေးအမြတ်ထုတ်နေတဲ့ နိုင်ငံရေးအောက်တန်းစားတစ်သိုက်ကလည်း ရှိသေးတယ်။ ဒေါ်စုကိုကောင်းစေချင်လို့ ဝေဖန်တဲ့လူကသက်သက်၊ ဒေါ်စုကိုပုတ်ခတ်ပြီး နိုင်ငံရေးလက်ခုတ်သံချူချင်တဲ့လူတွေက သက်သက်။ ဒါမျိုးတွေက မြန်မာ့နိုင်ငံရေးဓလေ့ဆိုးတွေဖြစ်နေလို့ သိပ်မပြောချင်တော့ဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကိစ္စကို ချနင်းပြီး နိုင်ငံရေးဩဇာတတ်ချင်တဲ့လူ၊ သူရဲကောင်းတံဆိပ်ရချင်တဲ့လူက များနေတယ်လို့ပဲ မြင်မိတယ်။ ရခိုင်ပြည်နယ်ကိစ္စကို ရခိုင်လူထုရဲ့အမြင်မပါပဲ ဆုံးဖြတ်ချက်ချတာ၊ စီရင်ချက်ချတာမျိုးဟာ ဗမာလူမျိုးကြီးဝါဒကို သွေးသစ်လောင်းခြင်းဖြစ်တယ်။
တစ်ကယ်တော့ ရခိုင်ပြည်နယ်ကိစ္စကို ထဲထဲ၀င်၀င်မသိလို့ မပြောချင်ပေမယ့် အခုက အတော်လေးကိုလွဲနေလို့။ ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သတ်ပြီး ဘာရလာဒ်ပဲ ထွက်လာ ထွက်လာ ရခိုင်ဒေသခံတွေသဘောတူတယ်ဆိုရင် ဘာမှမကျေနပ်စရာမရှိဘူး။ ဘာလို့ဆို ရခိုင်တွေနဲ့သူတို့တွေနဲ့ အတူနေရမှာလေ။ ကိုယ်တွေနဲ့အတူနေရမှာမှ မဟုတ်တာ။ ကိုယ်တွေနဲ့က ပြည်မမှာ အနေသာကြီးလို့ထင်တယ်။ ဒါကြောင့် ရခိုင်လူထုက ကျေနပ်တဲ့၊လက်ခံတဲ့ အဖြေမျိူးကသာ ရခိုင်ပြည်နယ်မှာ သဟဇာတဖြစ်တဲ့ လူမှုအသိုက်အ၀န်းတစ်ခုကို ဖြစ်လာစေမယ်ထင်တယ်။ တစ်ကယ်လို့ ရခိုင်လူထုကသာ သဘောမတူရင်တော့ ဗမာတွေအနေနဲ့ဘာဆုံးဖြတ်ချက်ပဲချပါစေ ဒီလိုပြသာနာတွေက နောင်လည်းရှိလာအုံးမယ်ဖြစ်တယ်။ credit for photo
Comments