top of page

ရင်ကြားစေ့ရေးဆိုတာ ဆေးခါးကြီးတစ်ခွက်လား

  • Writer: Revolution 4.0
    Revolution 4.0
  • May 1, 2021
  • 4 min read


"အမျိုးသားပြန်လည်ရင်ကြားစေ့ရေး" ဆိုတဲ့စကားလုံးကို မြန်မာပြည်မှာ ဒေါ်စုအောင်ဆန်းစုကြည် စပြောမှကြားဖူးပေမယ့် အဲ့ဒီရင်ကြားစေ့ရေးဆိုတဲ့သဘောတရားရဲ့ မူလသန္ဓေတည်ရာ ဘူမိနက်သန်က တောင်အာဖရိကမှာရှိတဲ့ ဒီမိုကရေစီအကူးအပြောင်းကစတယ်ဆိုတာ နောက်မှသိခဲ့ရတယ်။ တောင်အာဖရိကနိုင်ငံမှာဆိုရင် အစိုးရကလည်း အတိုက်အခံတွေကို အမြစ်ဖြတ်ဖို့အင်းအားမရှိ၊ အတိုက်အခံ ANCကလည်း တောင်အာဖရိကအစိုးကို အပြုတ်မတိုက်နိုင်။ နှစ်ဖက်လုံးက အားရအောင်ခတ်ပြီးတဲ့ ကျွဲနှစ်ကောင်လိုမျိုး ခြေကုန်လက်ပမ်းကျသွားတဲ့အချိန်ကျမှ စေ့စပ်ဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းကပေါ်လာတယ်။ အဲ့ဒီထဲမှာ အထင်ရှားဆုံးခေါင်းဆောင်က မင်ဒရဲလားပဲ။ ရင်ကြားစေ့ရေးဆိုတာနဲ့ မင်ဒရဲလားကိုပြေးမြင်ရလောက်တဲ့အထိတောင် မင်ဒရဲလားက တော်တော်လေးကိုစွမ်းဆောင်နိုင်တယ်။ အခု CRPHကဖွဲ့တဲ့ NUGဆိုတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရဆိုတာမျိုးကလည်း ၁၉၉၄လောက်မှာ မင်ဒရဲလားတို့စဖွဲ့တဲ့ညီညွှတ်ရေးအစိုးရဆိုတဲ့ သဘောတရားပဲဖြစ်တယ်။ ‌ရင်ကြားစေ့ရေးမူဝါဒနဲ့ပတ်သတ်ပြီး ဆရာအောင်သူငြိမ်းရေးတဲ့ "နိုင်ငံသစ် မနက်ဖြန်"ဆိုတဲ့စာအုပ်ကိုလည်းဖတ်ဖူးတော့ တောင်အာဖရိကရဲ့ ရင်ကြားစေ့ရေးမူဝါဒ၊ ညီညွှတ်ရေးမူဝါဒတွေကိုတော့ တီးမိခေါက်မိလောက်တဲ့အထိတော့ သဘောတရားပိုင်းအရနားလည်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရင်ကြားစေ့ရေးမူဝါဒနဲ့ပတ်သတ်လို့ "ဟင့်အင်းကိုကျော်ဖြတ်ခြင်း"ဆိုတဲ့ စာအုပ်တောင်ထုတ်ဝေခဲ့ဖူးတယ်။ အဲ့ဒီအချိန်တုန်းက စစ်ဗိုလ်ချုပ်တွေက ဒေါ်စုနဲ့မဆွေးနွေးချင်ဘူး၊ ဒေါ်စုက စစ်ဗိုလ်ချုပ်တွေနဲ့ဆွေးနွေးချင်တယ်။ အဲ့ဒီအကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲကြဆိုပြီး ဒေါ်စုကိုယ်တိုင် အဲ့ဒီစာအုပ်ကို ရေးသားခဲ့တာပါ။


၂၀၁၀ နောက်ပိုင်းအပြောင်းအလဲတွေအရ ရင်ကြားစေ့ရေးမူ၀ါနဲ့ပတ်သတ်ပြီး မြန်မာပြည်မှာ ဒေါ်စုနဲ့စစ်ဗိုလ်ချုပ်တွေကြား သုံးပွင့်ဆိုင်၊လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်ဆိုတဲ့ တံခါးပိတ်ဆွေးနွေးပွဲတွေပေါ်ပေါက်လာတယ်။ ဒါနဲ့ပဲ NLDရွေးကောက်ပွဲ၀င်တယ်၊ အနိုင်ရတယ်၊ အစိုးရဖြစ်လာတယ်။ ဒီအထိက တစ်ပိုင်း။

NLDအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုမျှော်ကိုးပြီး ၂၀၁၅ရွေးကောက်ပွဲနိုင်ရင် ညီညွတ်ရေးအစိုးရတစ်ရပ်လိုပုံစံမျိုး စုဖွဲ့မှုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်အလို DVB debateအစီအစဉ်မှာ ပါ၀င်ဆွေးနွေးခဲ့တဲ့ လွှတ်တော်အမတ်ဦး၀င်းမြင့် နောင် သမ္မတဦး၀င်းမြင့်ဖြစ်လာမည့်လူကို ဆရာကျော်၀င်းက မေးခွန်းတစ်ခုမေးခဲ့တယ်။ ဆရာကျော်၀င်းက "ဆရာတို့ပြောနေတဲ့ ညီညွှတ်ရေးအစိုးရဟာ power sharingပေါ် အခြေခံမှာလား"လို့ မေးခဲ့တယ်။ ဦး၀င်းမြင့်ကလည်း "ဟုတ်ပါတယ်၊ ကျွန်တော်တို့ power sharingပေါ်အခြေခံမှာပါ"။ ဒီလိုနဲ့ NLDအနိုင်ရပြီး အစိုးရအဖွဲ့ ဖွဲ့တဲ့အခါ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပါတီတစ်ချို့က ပညာရှင်နဲ့လူပုဂ္ဂိုလ်တွေကို အစိုးရအဖွဲ့ထဲထည့်သွင်းဖွဲ့စည်းခဲ့တယ်။ အဲ့ဒီထဲမှာ တိုင်းရင်းသားပါတီကလူတွေလည်းပါခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ NLDရဲ့လုပ်နည်းလုပ်ဟန်ကမှားနေတယ်။ ဘာလို့ဆိူ NLDအနေနဲ့ တစ်ခြားပါတီကလူတွေကို ခေါ်ယူတဲ့အခါ အဲ့ဒီပါတီကရွေးချယ်ပေးလိုက်တဲ့ လူပုဂ္ဂိုလ်တွေကိုခေါ်ယူတဲ့ပုံစံမျိူးမဟုတ်ပဲ၊ သူကိုယ်တိုင် စိတ်ကြိုက်ခေါင်းခေါက်ရွေးတဲ့ ပုံစံမျိူးဖြစ်နေတယ်။ အဲ့ဒီတော့အကျိုးဆက်က ဘာဖြစ်လာသလဲဆို NLDပါတီရဲ့ ခေါ်ယူခြင်းခံရတဲ့လူတွေက မိခင်ပါတီနဲ့သွေးခွဲခံလိုက်သလိုဖြစ်သွားတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီတွေဘက်က မကျေမနပ်တွေဖြစ်လာကြတယ်။ တစ်ချို့ဆိုရင် အစိုးရအဖွဲ့ထဲ၀င်မယ်လုပ်ခါနီးမှ NLDရဲ့ဖွဲ့စည်းပုံ ဖွဲ့စည်းနည်းကိုမကြိုက်လို့ NLDနဲ့လက်တွဲဖြုတ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေရှိပါတယ်။ ရလာဒ်ကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးထဲမှာပါတဲ့ မဗာနဲ့မဗာမဟုတ်တဲ့ တိုင်းရင်းသားတွေကြား ညီညွှတ်ရေးပျက်ပြားခဲ့တယ်။ ဒီလိုလူရွေးခေါ်ရတာကလည်း NLDပါတီဘက်ကကြည့်ရင်လည်း အပြစ်ပြောလို့တော့မရဘူး။ ဘာလို့ဆို တစ်ခြားပါတီကနေ သူခေါ်လိုက်တဲ့လူတွေက သူတို့ကိုနောက်ကျောဓားနဲ့များထိုးလေမလား၊ ခြေထိုးခံလေမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိတယ်။ ဒါပေမယ့် ပညာရှင်တွေကတော့ "NLDဟာ စိုးရိမ်လွန်းအားကြီးနေတယ်"လို့ ဝေဖန်ခဲ့တယ်။ နောက်တော့ မွန်ပြည်နယ်က ချောင်းဆုံတံတားကိစ္စ၊ လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ပြသာနာ၊ ကရင့်အာဇာနည်နေ့မှာကရင်အများအပြားဖမ်းဆီးခဲ့တဲ့ကိစ္စတွေက တိုင်းရင်းသားတွေနဲ့ NLDကြား "အဟ"အကြီးကြီးကိုဖြစ်လာစေတယ်။ ဒီလိုနဲ့ NLDရဲ့ လုပ်နည်းလုပ်ဟန်အမှားတွေ၊ တွေးခေါ်တွက်ဆပုံအမှားတွေကြောင့် ပြန်လည်ရင်ကြားစေ့ရေးကဏ္ဍက မအောင်မြင်သလောက်ပဲ။


ဒါ့အပြင် အစိုးရဖြစ်လာပြီးနောက်ပိုင်း NLDပါတီရဲ့ မူဝါဒလို့ခေါ်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့ ပေါ်လစီဟာ စာရွက်တွေပေါ်မှာတော့ ဝေဝေဆာဆာဖြစ်နေပေမယ့် တစ်ကယ့်လက်တွေ့မှာ ဘာတစ်ခုမှ ရေရေရာရာမရှိဘူး။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလို့ပြောတဲ့အခါ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကလည်း အရေးကြီးသလို၊ အစိုးရနဲ့ တိုင်းရင်းသားတွေကြားဆက်ဆံရေးကလည်း အရေးကြီးတယ်။ဒါပေမဲ့ NLDပါတီဟာ အဲ့ဒီနှစ်ခုစလုံးမှာ ချို့ယွင်းခဲ့တယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလည်း ကောင်းမလာသလို၊ ဗမာအစိုးရနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီတွေကြား ညီညွှတ်မှုကလည်းပြိုကွဲနေတဲ့အချိန်။ ‌အရပ်ဘက်-စစ်ဘက်ဆကိဆံရေးကတော့ ၂၀၁၅မတိုင်ခင်ထိကတော့ တော်တော်လေးအဆင်ပြေခဲ့တယ်။ မအလနဲ့ဒေါ်စုတို့ရဲ့ ဆွေးနွေးပွဲတွေက အများအပြားပါ။ ဒါပေမဲ့ ၂၀၁၅နောက်ပိုင်း NLDအာဏာရလာတဲ့အခါ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးက အကျဘက်ကိုတစ်ဖြည်းဖြည်းရောက်ရှိလာခဲ့တယ်။ အဲ့ဒီပြသာနာက ဘယ်ကစသလဲဆို "ကာလုံအစည်းအဝေး"မခေါ်တဲ့ကိစ္စကစတယ်။ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားအစိုးနဲ့ စစ်ဘက်ခေါင်းဆောင်တွေ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီး အမြဲမပြတ် သတင်းအချက်အလက်တွေ ညှိုနှိုငိးဖို့အတွက် "ကာလုံအစည်းအဝေး"ကသာလျှင် တစ်ခုတည်းသော channelဖြစ်တယ်။ အဲ့ဒီအချိန်တုန်းက စစ်တပ်က ကာလုံခေါ်ဖို့တကဲကဲလုပ်တယ် ဒေါ်စုကငြင်းပယ်တယ် (အကြောင်းတရားများစွာရှိနိုင်)။ စစ်တပ်ဘက်ကလည်း "ကာလုံ"ကိုခေါ်ချင်လွန်းလို့မဟုတ်ဘူး။ မအလကို ကာချုပ်အဖြစ်ဆက်ရှိနေဖို့က ကာလုံအစည်းဝေးခေါ်ဖို့လိုတယ်။ အဲ့ဒီအချိန်တုန်းက "ကာလုံ ခေါ်သင့်လား၊ မခေါ်သင့်ဘူးလား"ဆိုတာနဲ့ပတ်သတ်ပြီး နိုင်ငံရေးငြင်းခုန်မှုတွေ အများကြီးဖြစ်ခဲ့တယ်။ အဲ့ဒီကစလို့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးက တဖြည်းဖြည်းတင်းမာလာခဲ့တယ်။


နောက်တော့ လွှတ်တော်ထဲမှာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ပတ်သတ်ပြီး စစ်တပ်ဘက်ကအမတ်တွေနဲ့ nldပါတီဘက်က အမတ်တွေ အချေအတင်‌ တွေဖြစ်လာကြတယ်။ လွှတ်တော်ဥက္ကဌကဆို ဟိန်းလား ဟောက်လားနဲ့ ဟိုလူထိုင်ပါ ဒီလူထိုင်ပါဆိုတဲ့အထိကို ပြောယူရတဲ့အထိကိုဖြစ်ခဲ့တယ်။ ဒါပေမဲ့ NLDထောက်တဲ့လူတွေကတော့ "တို့တော့ လွှတ်တော်ထဲမှာ ဘယ်လိုတွယ်လိုက်ပြီဟေ့၊ တို့တော့ ဘယ်လိုချလိုက်ပြီဟ"ဆိုပြီး အားရ၀မ်းသာဖြစ်နေတဲ့အချိန်။ အဲ့ဒီအချိန်မှာ ပညာရှင်တွေကတော့ NLDပါတီကို အပြင်းအထန်ဝေဖန်တဲ့အချိန် "NLDဟာပြောတော့ အမျိုးသားပြန်လည်ရင့်ကြားစေ့ရေးဆိုပြီး၊ လက်တွေ့မှာ စစ်တပ်နဲ့ထိပ်တိုက်တိုးရေးကိုပဲ ဦးတည်နေတယ်"ဆိုပြီး ဝေဖန်ခဲ့တယ်။ အဲ့လိုပြောရတာကလည်း အကြောင်းရှိတယ်။ ဘာလို့လဲဆို ဒေါ်စုကိုယ်တိုင် အာဏာမရခင်က ဆွေးနွေးပွဲတစ်ခုမှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သတ်ပြီး "ကျွန်မအနေနဲ့ အခြေခံဥပဒေကို ပြင်ဆင်တဲ့အခါ ခက်ခဲတာတွေကိုအရင်ပြင်မယ့်အစား လွယ်တာကနေ စပြင်ပါမယ်"ဆိုတဲ့ မှတ်ချက်။ အဲ့ဒီစကားရဲ့ အဓိပ္ပာယ်အရဆို စစ်တပ်နဲ့ထိပ်တိုက်တိုးစေမယ့် ပုဒ်မတွေကိုရှောင်မယ်၊ ပြီးရင် နှစ်ဘက်သဘောတဲ့အချက်တွေကို အရင်ပြင်မယ်၊ ခက်တဲ့အပိုင်းတွေကိုတော့ စစ်တပ်နဲ့ဆွေးနွေးပြီးတော့မှပြင်မယ်။ ဒါပေမဲ့ အာဏာရပြီး လွှတ်တော်ထဲ အခြေခံဥပဒေပြင်ဆင်ရေးတင်တဲ့အခါ စစ်တပ်နဲ့ထိပ်တိုက်တိုးစေမယ့် ပုဒ်မတွေချည်းပဲတင်တယ်။ အဲ့ဒီအချိန်တုန်းက ရခိုင်အမတ် ဉီးလှစောကဆို "NLDအနေနဲ့အခုလိုအခြေခံဥပဒေပြင်ဆင်ရေးလုပ်နေတယ်ဟာ အောင်မြင်မှာလည်းမဟုတ်ဘူး။ ဒါဟာ ရွေးကောက်ပွဲနီးခါနီး လူထုကိုသူ့ဘက်ပါလာအောင်စည်းရုံးတဲ့ နိုင်ငံရေးအမြတ်ထုတ်မှုပဲဖြစ်တယ်။ ရလာဒ်ကတော့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို ဆိုးရွားစေတယ်"လို့ လွှတ်တော်က အင်တာဗျူးတစ်ခုမှာဖြေခဲ့တယ်။ ပြည်သူ့ပါတီက ဦးကိုကိုကြီးကလည်း "NLDဟာ ပြောတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုပြီး၊လက်တွေ့မှာတော့ ထိပ်တိုက်ရင်ဆိုင်ရေးဖြစ်နေတယ်။ စစ်တပ်ကသဘောမတူတဲ့ ဥပဒေတွေကို လွှတ်တော်ကတစ်ဆင့်ပြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လွှတ်တော်လမ်းကြောင်းကပဲသွားမယ်ဆိုရင် စစ်တပ်ကသတ်မှတ်ထားတဲ့ မထိရ၊မကိုင်ရ ဥပဒေတွေကို ခဏဘေးချိတ်ထားပြီး၊ အပြင်မှာတွေ့ဆုံဆွေးနွေးပြီးမှ ပြင်သင့်တယ်။ အဲ့လိုမှ မဟုတ်ပဲ မဖြစ်နိုင်တာတွေကိုပဲ အရင်ပြင်နေရင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကဆက်ပြီး ဆိုးရွားသွားဖို့ပဲရှိတယ်။ NLDအနေနဲ့ သူရဲ့ဝါဒကို သေချာပြန်စဉ်းစားဖို့လိုတယ်။ ပြန်လည်ရင်ကြားစေ့လား၊ ထိပ်တိုက်ရင်ဆိုင်ရေးလားဆိုတာ။ ထိပ်တိုက်ရင်ဆိုင်ရေးဆိုရင်တော့ ၁၉၄၆ခုနှစ်က တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းက ကျုပ်တောင်းတာကိုပေးရင်ပေး၊ မပေးရင် ဟောဒီလွှတ်တော်ကြီးတစ်ခုလုံးဟာ သူပုန်လွှတ်တော်ကြီးဖြစ်ရမယ်၊ ဟောဒီအမတ်တွေအားလုံးဟာလည်း သူပုန်အမတ်တွေပဲဖြစ်ရမယ်လို့ အဂ်တွေကိုခြိမ်းခြောက်ခဲ့သလို NLDအနေနဲ့လည်း လွှတ်တော်လမ်းကြောင်းကိုစွန့်ခွာပြီး စစ်တပ်ကို တိုက်ပွဲတစ်ခုကိုဆင်နွှဲလိုက်။ အဲ့လိုဆိုရင်တော့ ကျွန်တော်ကတော့ တစ်သက်လုံး ၈၈ကတည်းက တိုက်ပွဲတွေချည်းပဲ တိုက်လာတဲ့လူ၊ ခုနေတိုက်ဆိုလည်း တိုက်မှာပဲ။ ဒါပေမဲ့ NLDအနေနဲ့ပြတ်သားဖို့လိုတယ်။ ရင်ကြားစေ့ရေးလိုလို၊ ထိပ်တိုက်ရင်ဆိုင်ရေးလိုလို မသဲမကွဲမလုပ်စေချင်ဘူးလို့။ ကျွန်တော်ကတော့ မရှင်းမရှင်းဆို မကြိုက်ဘူး၊ ပြတ်ပြတ်သားသားလုပ်စေချင်တယ်"လို့ RFAက ဆွေးနွေးခန်းတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ အဲ့ဒီကစလို့ စစ်တပ်နဲ့ NLDကြားဆက်ဆံရေးရဲ့ တင်းမာမှုဟာ အမြင့်ဆုံးရောက်ဖို့ အချိန်တစ်ခုဖို့လိုတော့တယ်။ နောက်တော့ NLDအနေနဲ့ သူ့မှာလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြတဲ့အနေနဲ့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့အသုံးစရိတ်ကို လျှော့ချဖြတ်တောက်ပြခဲ့တယ်။ ရလာဒ်ကတော့ အားလုံးသိတဲ့အတိုင်း ထိပ်တိုက်တိုးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ နှစ်ဘက်လုံးက စိုင်းပြင်းနေခဲ့တယ်။


နောက်တော့ရွေးကောက်ပွဲကာလရောက်လာတယ်။ NLDနဲ့မတည့်တဲ့ ၃၄ပါတီက စစ်တပ်ကိုအဖေခေါ်ပြီး နိုင်ငံရေးထဲဆွဲထည့်တယ်။ နဂိုကတည်းက နိုင်ငံရေးထဲပါချင်နေလို့ ဖင်တရွရွဖြစ်နေတဲ့ စစ်တပ်ကလည်း အခွင့်သင့်သွားတယ်။ ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်က မောက်မောက်မာမာစကားတွေပြောပြီး အာဏာပြန်သိမ်းသယောင် စကားရိပ်ချည်သန်းလာတယ်။ ဒီလိုနဲ့ရွေးကောက်ပွဲမှာ NLDက သောင်ပြိုကမ်းပြိုမက မိုးပြိုအောင်နိုင်တယ်။ အဲ့ဒီအချိန်ကစပြီး လွှတ်တော်ထဲမှာ အရေးနိမ့်ခဲ့လို့ အရှက်ကွဲခဲ့ရတဲ့ စစ်တပ်က NLDကို နိုင်ငံရေးအရ မဲလိမ်တယ်၊ မဲခိုးတယ်ဆိုပြီး တိုက်ခိုက်လာတယ်။ NLDကလည်း စစ်တပ်ကို ဘယ်ပုဒ်မနဲ့ ငြိစွန်းတယ်၊ ရွေးကောက်ပွဲဟာ စစ်တပ်နဲ့မဆိုင်ဘူးပြီး ဥပဒေအကိုးအကားနဲ့ပြန်လည်တိုက်ခိုက်တယ်။ အဲ့ဒီအချိန်တုန်းက သမ္မတရုံးက ဦးဇော်ဌေးနဲ့ စစ်တပ်ဘက်က ‌ဇော်မင်းထွန်းတို့ရဲ့ စကားလုံးတိုက်ပွဲတွေဖြစ်လာတယ်။ ဒီဇင်ဘာလနဲ့ဇန်နဝါရီလဆိုရင် သတင်းစာရှင်းလင်းပွဲတွေမှာ တစ်ဘက်နဲ့တစ်ဘက် စကားလုံးတွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်လာတယ်။ ထုတ်ပြန်တဲ့စာတွေ၊ ရှုတ်ချတဲ့စာတွေကလည်း မနည်းမနောဖြစ်လာတယ်။ ဇန်နဝါရီလဆန်းပိုင်းရောက်တော့ အခြေအနေတွေဟာ ထင်ထားတာထက်ပိုဆိုးလာတယ်။ အဲ့ဒီအချိန်မှာ လေ့လာသုံးသပ်သူတွေထဲက ဆရာတင်မောင်သန်းက "အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကတော့ အဆိုးဆုံးအခြေအနေရောက်နေပြီ။ စစ်တပ်ဘက်က NLDကိုထွက်ပေါက်ပေးတဲ့အနေနဲ့ ၅၉(စ)လုံးကိုပြင်ပေးလိုက်။ NLDကလည်း စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးလိုက်။ဒါဆိုရင်တော့ အကျပ်အတည်းကိုကျော်လွှားနိုင်လိမ့်မယ်။ အဲ့လိုမှမဟုတ်ရင်တော့ စစ်တပ်က အာဏာသိမ်းလိမ့်မယ်"လို့ ပြောခဲ့တယ်။ နောက်တော့ သတင်းစာရှင်းလင်းပွဲမှာ "စစ်တပ်က အာဏာမသိမ်းဘူးဆိုတာ အာမ မခံဘူးဆိုတဲ့အထိ" ပြောင်ပြောင်တင်းတင်းပြေလာတယ်။ နောက်တော့ NLDထောက်ခံသူတွေက စစ်တပ်ဘက်ကို "အ‌ခါတော်ပေးတယ်၊ နှပ်ကြောင်းပေးတယ်"ဆိုပြီး ဆရာတင်မောင်သန်းကို ဝိုင်းဆဲတယ်။ အဲ့ဒီအချိန်မှာ ‌လေ့လာသုံးသပ်သူတွေနဲ့ ပညာရှင်တွေက "အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကတော့ လုံး၀ကိုဆိုးရွားနေပြီ။ ၂၀၁၂နောက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုလိုမျိုး လေးပွင့်ဆိုင်၊ ငါးပွင့်ဆိုင်သဘောမျိုးတွေပြန်လုပ်သင့်နေပြီ"လို့ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ NLDဘက်က စစ်တပ်နဲ့ဘာတွေ့ဆုံဆွေးနွေးမှုမှ မလုပ်နိုင်ဘူးဆိုပြီး ‌ပြန်ပြောခဲ့တယ်။ လေ့လာသူတွေကလည်း တအံ့တဩဖြစ်ကြတာပေါ့။ ၂၀၁၀မတိုင်ခင်တုန်းက စစ်တပ်ဘက်ကမဆွေးနွေးချင် ဒေါ်စုဘက်က ဆွေးနွေးချင်။ အခုတစ်ခါကျတော့ ဒေါ်စုကမဆွေးနွေးချင်၊ စစ်တပ်ဘက်က ဆွေးနွေးချင်ဆိုတော့ လေ့လာသူတစ်ချို့ကဆို ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင်ရေးထားတဲ့ "ဟင့်အင်းကိုဖြတ်ကျော်ခြင်း"ဆိုတဲ့စာအုပ်အစား တစ်ခြားစာအုပ်များ ပြောင်းကိုင်နေပြီလားဆိုပြီး ရိသဲ့သဲ့ဝေဖန်ခဲ့တာတောင်ရှိပါတယ်။ နောက်တော့ လေ့လာသုံးသပ်သူထဲက ဆရာကျော်၀င်းက "စစ်တပ်နဲ့ NLDတို့ကြားမှာ ဖြစ်နေတဲ့ပြသာနာက ဥပဒေကြောင်းအရဖြစ်နေတဲ့ ပြသာနာမဟုတ်ဘူး။ နိုင်ငံရေးပြသာနာဖြစ်နေပြီ။ နိုင်ငံရေးပြသာနာဆိုတော့ နိုင်ငံရေးအရရှင်းတာ အကောင်းဆုံးပဲ။ မြန်မြန်တွေ့ဆုံဆွေးနွေးကြပေါ့၊ ဒါပဲရှိတာပဲ"လို့ပြောခဲ့တယ်။


နောက်တော့ အာဏာမသိမ်းခင်တစ်ပတ်အလိုမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြု လူပုဂ္ဂိုလ်သုံးယောက်နဲ့ မအလ ကိုယ်စားပြု စစ်ဗိုလ်ချုပ်သုံးယောက်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ အဲ့ဒီအချိန်တုန်းက နေပြည်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ချိူ့က fbပေါ်မှာရေးသားခဲ့တာ တွေ့ခဲ့ရတယ်။ စစ်တပ်ဘက်ကနေ မဖြစ်နိုင်တဲ့တောင်းဆိုချက်မျိူးတွေလည်း လုပ်ခဲ့တယ်လို့ကြားရတယ်။ ဥပမာ မအလကို သမ္မတခန့်ဖို့၊ ရွေးကောက်ပွဲတစ်ခုလုံးကိုပြန်ကျင်းပပေးဖို့ စသဖြင့်ပေါ့။ ဒါပေမဲ့ မှတ်မှတ်ရရ နေပြည်တော်နဲ့နီးစပ်သူတစ်ဦးကဆို "‌ဆွေးနွေးပွဲတွေဟာ ညဉ့်နက်တဲ့အထိ ကြာခဲ့တယ်။ အခြေအနေတွေကတော့ အဆင်ပြေပါတယ်။ နေပြည်တော်မှာရှိနေတဲ့ ဒီလူတွေ‌ရဲ့ကြိုးစားမှုကို နောင်မှာလူတွေ ချီးကျူးရလိမ့်မယ်"လို့ fbပေါ်မှာရေးသားခဲ့တယ်။ ကျွန်တော်လည်း အဲ့ပိုစ့်ကိုဖတ်တော့ အားလုံးစိတ်အေးရပြီထင်ခဲ့တယ်။ ဒါပေမဲ့ ၃၁ရက်နေ့ ညရောက်တဲ့အခါ စစ်တပ်ဘက်က နောက်ဆုံးထုတ်တဲ့စာထွက်လာတယ်။ အဲ့ဒီစာထဲမှာ စစ်တပ်ဘက်က အမြဲကိုးကားနေတဲ့ "အခြေခံဥပဒေနဲ့အညီ လုပ်ဆောင်မည်"ဆိုတဲ့ စာသားပါမလာတော့ဘူး။ ၃၁ရက်နေ့ညမှာ ‌နိုင်ငံရေးသုံးသပ်သူဖြစ်တဲ့ ဆရာရန်မျိုးသိမ်းက "ဒီနေ့တော့ စစ်တပ်ဘက်ကထုတ်တဲ့စာထဲမှာ အခြေခံဥပဒေနဲ့အညီဆိုတာမပါတော့ဘူး။ ကျွန်တော်တော့ အလွန်စိတ်ပူမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသိတွေကို ဖုန်းဆက်မေးတော့ နေပြည်တော်မှာ အေးအေးပါပဲလို့ ပြန်ပြောခဲ့တယ်"ဆိုပြီး fbပေါ်မှာ ရေးသားခဲ့တယ်။ ၁ရက်နေ့ကျတော့ အာဏာသိမ်းတယ်။ အာဏာသိမ်းအပြီးမှာ ရိုက်တာသတင်းဌာနက ရေးသားခဲ့တဲ့ ‌"နေပြည်တော်ကဆွေးနွေးပွဲအကြောင်း" ဆောင်းပါးကို မြန်မာပြည်က အမတစ်ယောက်ကျေးဇူးကြောင့် ဘာသာပြန်ဖတ်ခဲ့ရတယ်။ အဲ့ဒီဆောင်းပါးထဲမှာ "ဆွေးနွေးပွဲရဲ့နောက်ဆုံးအချိန်မှာတော့ စစ်တပ်ဘက်က ကိုယ်စားလှယ်တစ်ဦးက ခင်ဗျားတို့တွေမိုက်ရိုင်းတယ်၊ ဒါစစ်တပ်ကိုစော်ကားတာ၊ ဒါမျိုးတော့ လက်မခံနိုင်ဘူးဆိုပြီး အော်ကြီးဟစ်ကျယ်တွေဖြစ်ကြပြီး ဆွေးနွေးပွဲပျက်သွားခဲ့တယ်"လို့ ရေးသားထားတာတွေ့ရပါတယ်။

ဒီလိုနဲ့ ဖြစ်စဉ်တစ်ခုလုံးကို တောင်အာဖရိကမှာ မင်ဒရဲလားလုပ်ခဲ့တဲ့ ပြန်လည်သင့်မြတ်ရေးမူဝါဒတွေနဲ့ ၂၀၁၅နောက်ပိုင်း NLDအစိုးရရဲ့လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလို့ပြောဖို့ အတော်လှမ်းတယ်လို့ထင်တယ်။ တစ်ချို့ကိစ္စတွေလည်း ပြန်လည်သင့်မြတ်ရေးအတွက် အကောင်အထည်ဖော်ခဲ့တာရှိတယ်။ ဒါပေမဲ့ အောင်မြင်တာနည်းတယ်။ လူတွေတွေးနေတာက NLDဟာ စစ်တပ်နဲ့ ရင်ကြားစေ့ခဲ့တယ်လို့ထင်ခဲ့ကြပါလိမ့်မယ်။ အဲ့တာဟာ အတိုင်းအတာတစ်ခုထိမှန်တယ်။ ဘယ်အထိလဲဆို ၂၀၁၀ကနေ ၂၀၁၅အထိပေါ့။ ဘာလို့ဆို စစ်တပ်ရေးတဲ့ ၂၀၀၈ကိုလက်ခံတယ်၊ ရွေးကောက်ပွဲ၀င်တယ်၊ တံခါးပိတ်ဆွေးနွေးပွဲတွေလုပ်တယ်။ ဒါပေမဲ့ အာဏာရပြီးနောက်ပိုင်းမှာတော့ စစ်တပ်နဲ့ရင်ကြားစေ့ရေးထက် "သွေးထိုးစမ်း"တဲ့သဘောဘက်ကို ပိုကဲတယ်ပါတယ်။ သွေးထိုးစမ်းတာက အပြုတ်တိုက်ရေး၊ ထိပ်တိုက်တိူးရေးလည်း မဟုတ်ပြန်ဘူး။ သဘောက စစ်တပ်နဲ့အဆင်ပြေတော့မလိုလို သို့လောသို့လောနဲ့ အနားရောက်ခါမှ စစ်တပ်ဘက်က ဘာတုံ့ပြန်လာမလဲကို သိချင်လို့ တစ်ခုခုလုပ်ပြလိုက်တာမျိုးက သွေးထိုးစမ်းတဲ့သဘောပါပဲ။


ကျွန်တော်ကိုယ်တိုင်တောင် မျက်စိလည်ခဲ့ရတဲ့ တစ်ကွက်ရှိတယ်။ အဲ့တာက ICJကိစ္စ။ ICJကိစ္စတုန်းကဆို NLDနဲ့စစ်တပ် ရင်ချင်းကပ်သွားပြီလို့ ကိုယ်တိုင်ထင်ခဲ့တယ်။ ‌ဆရာကျော်၀င်းကဆို "စစ်တပ်နဲ့nldသင့်သင့်မြတ်မြတ်ဖြစ်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အရမ်းကြီးနီးစပ်သွားရင်လည်း ဗမာလူမျိုးကြီးဝါဒဖြစ်သွားမှာစိုးရတယ်"လို့ သတိပေးခဲ့ဖူးတယ်။ ဒါပေမဲ့ ICJကိစ္စမှာ ဒေါ်စုနဲ့မအလတို့က နိုင်ငံရဲ့ "အမျိုးသားအကျိုးစီးပွား"ဆိုတာကိုမြင်တဲ့ မြင်ပုံမြင်နည်းချင်းသွားတူတာပဲ ဖြစ်နိုင်မယ်လို့ နောက်ပိုင်းသတိထားမိလာတယ်။ နောက်ပြီး NLDအတွက်လည်း နိုင်ငံရေးအမြတ်တစ်ခုရလိုက်တယ်လို့ထင်တယ်။ အဲ့တာက ICJကိစ္စကြောင့် စစ်တပ်ဘက်က အရပ်သားအစိုးရရဲ့ဖြေရှင်းမှုအောက်ကနေ သွားပါမယ်လို့ သတင်းစာရှင်လင်းပွဲတစ်ခုမှာ ဇော်မင်းထွန်းပြောခဲ့တယ်။ အဲ့တာဟာ စစ်တပ်အတွက် တစ်ထီးတစ်နန်းနေလိုမှုအတွက် ထိုးနှက်ချက်တစ်ခုပဲ။ နောက်တော့ NLDဟာ ICJကိစ္စကိုကိုင်ပြီး စစ်တပ်နဲ့နိုင်ငံရေးကစားနေတယ်လို့ လေ့လာသူတစ်ချို့က သုံးသပ်တာမျိုးတွေ တွေ့ခဲ့ရတယ်။ ဘာလို့ဆို ICJကိစ္စကြောင့် စစ်တပ်ဘက်ကို နိုင်ငံတစ်ကာက ဖိအားတွေအများကြီးလာနေတဲ့အချိန်၊ ရွေးကောက်ပွဲကျင်းပခါနီး ဘူးသီးတောင်၊မောင်တောက မူစလင်လွှတ်‌တော်အမတ်လောင်းကို ရွေးကော်က ယှဉ်ပြိုင်ခွင့်မပေးပဲ ဖြုတ်ချလိုက်တယ်။ တစ်ကယ်ဆို NLDထဲမှာလည်း မူဆလင်အမတ်တွေ ၀င်ရောက်ယှဉ်ပြိုင်နေတာက၊ ဒါမျိုးက ဖြုတ်ချစရာအကြောင်းမရှိဘူး။ အင်တာဗျူးတစ်ခုမှာ လူ့အခွင့်အရေးလေ့လာစောင့်ကြည်သူတစ်ဦးက "ဒါဟာ NLDအနေနဲ့ စစ်တပ်နဲ့ အန္တာရာယ်များတဲ့ နိုင်ငံရေးကစားကွက်ကို ရွှေ့နေတာလို့ကျွန်တော်ထင်တယ်။ ဒီလိုမျိုး ရခိုင်ပြည်နယ်က မူစလင်ကိုယ်စားလှယ်လောင်းတွေကို ပယ်ဖျက်လိုက်ခြင်းဟာ နိုင်ငံတစ်ကာကို ပိုပြီးစိတ်‌ဆိုးဒေါသထွက်စေမှာ ဖြစ်တဲ့အပြင်၊ အဲ့ဒီဒေါသတွေ ဖိအားတွေဟာ စစ်တပ်ကိုအများကြီးအကျပ်ရိုက်စေမှာ။ NLDအနေနဲ့ နိုင်ငံတကာရဲ့အားကိုသုံးပြီး စစ်တပ်နဲ့နိုင်ငံရေးကစားလိုစိတ်သာ အမှန်တစ်ကယ်ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ အန္တရာယ်အလွန်များတယ်လို့ ကျွန်တော်မြင်ပါတယ်"ဆိုပြီး ‌ဖြေကြားခဲ့တယ်။ ဒါကြောင့် ICJကိစ္စဆိုရင်လည်း NLDနဲ့စစ်တပ် ရင်ချင်းကပ်သွားတယ်ဆိုတာထက် NLDဟာ သူရဲ့နိုင်ငံရေးအကျိုးအမြတ်အတွက် ၀င်ဖြေရှင်းတယ်ဆိုတဲ့ ထင်မြင်ချက်က ပိုပြီးဖြစ်နိုင်ချေရှိတယ်။


ဒါကြောင့် ၂၀၁၅-၂၀၂၀ကာလတစ်လျှောက်မှာဆိုရင် စစ်တပ်နဲ့NLDကြား ရင်ကြား‌စေ့ခဲ့တယ်ဆိုတာကို အကောင်အထည်ပြဖို့ လက်ညိုးထိုးစရာဖြစ်ရပ်မျိုးက မရှိသလောက်နီးနီးပဲလို့ထင်ပါတယ်။ ၂၀၁၅နောက်ပိုင်း အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးရဲ့ အဓိက channelတစ်ခုဖြစ်တဲ့ "ကာလုံအစည်းအဝေး"ကိုလည်း တစ်ခါမှခေါ်ယူမကျင်းပခဲ့သလို၊ အာဏာမသိမ်းခင်တစ်ပတ်အလိုကပြုလုပ်တဲ့ ဆွေးနွေးပွဲကလွဲလို့ မအလနဲ့ဒေါ်စုအကြား တရား၀င်အရဖြစ်စေ၊ တရားမ၀င်အရဖြစ်စေ အလွတ်သဘောဆွေးနွေးမှုမျိုးလည်း တစ်ခါမှမရှိခဲ့ဘူး။ ဒါပေမဲ့ လူတွေကတော့ စစ်တပ်နဲ့NLDကြား ရင်ကြားစေ့ခဲ့လို့ အခုလိုဖြစ်ခဲ့တာဆိုတဲ့ အသံမျိုးတွေကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်။ မှန်လား မှားလားကတော့ ပညာရှင်မဟုတ်၍ မပြောတတ်ပါ။ သို့သော် မြန်မာပြည်က ရင်ကြားစေ့ရေးရဲ့ မူဝါဒနဲ့ တောင်အာဖရိက ရင်ကြားစေ့ရေးမူဝါဒနဲ့ကတော့ ညဏ်မှီသလောက်ပြောရရင် အတော်ကွဲပါတယ်။ "အမျိုးသားပြန်လည်ရင်ကြားစေ့ရေး"ဆိုတဲ့ မူဝါဒဟာ ရွက်ကြမ်းရေကြို တောရမ်းမယ်ဘွဲ့မဟုတ်ဘူး။ အဲ့ဒီမူဝါဒကိုသုံးပြီး တည်ဆောက်ခဲ့တဲ့ နိုင်ငံတွေဖြစ်တဲ့ တောင်အာဖရိကနိုင်ငံ၊ လက်တင်မေရိကနိုင်ငံတွေ၊ ပိုလန်နိုင်ငံအပါအ၀င် ‌ဆိုဗီယက်ယူနီယမ်ပြိုကွဲရာကနေပေါ်ထွက်လာတဲ့ အရှေ့ဥရောပနိုင်ငံတွေ တော်တော်များများလည်း ပါ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ "ရင်ကြားစေ့ရေး"ဆိုတာနဲ့ နှာခေါင်းရှုံ့ချင်တာကတော့ အတော်၀မ်းနည်းစရာကောင်းတယ်။ ရင်ကြားစေ့ရေးမူဝါဒနဲ့ပတ်သတ်လို့ကတော့ ‌အသေအချာသိချင်ရင် တောင်ဖရိက၊ လက်တင်မေရိကနဲ့ ပိုလန်လို နိုင်ငံမျိုးတွေကို လေ့လာဖို့ကောင်းပါတယ်။ မြန်မာပြည် ရင်ကြားစေ့ရေးကတော့ "မြန်မာ့နည်း မြန်မာ့ဟန် ရင်ကြားစေ့ရေး"ဖြစ်သွားတယ်လို့ထင်တယ်။ မြန်မာပြည်ကတော့ ဆရာသမားများပြောခဲ့သလို နာမဝိသေသနတွေ သိပ်ကြိုက်တဲ့နိုင်ငံ။ နိုင်ငံတကာက ဆိုရှယ်လစ်စနစ် မြန်မာပြည်ရောက်တော့ "မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်"။ ဒီမိုကရေစီလည်း မြန်မာပြည်ရောက်တော့ ရှေ့ကနာမဝိသေသနလေးနဲ့ "စည်းကမ်းပြည့်၀သော ဒီမိုကရေစီ၊ စစ်မှန်သော ဒီမိုကရေစီ"။ ဒီအတိုင်းပါပဲ ရင်ကြားစေ့ရေးလည်း မြန်မာပြည်ရောက်တော့ "မြန်မာ့နည်း မြန်မာ့ဟန် ရင်ကြားစေ့ရေး"ဖြစ်သွာဟန် တူတယ်။ အခုလည်း လူတွေကြားထဲမှာ ရေပန်းစားနေတဲ့ ဖက်ဒရယ်လည်း ဘယ်အချိန်များ ရှေ့ကနေ နာမဝိသေသနတပ်မလဲဆိုပြီး ‌ရင်တထိတ်ထိတ်နဲ့စောင့်နေရပြန်ပြီ။ တစ်ကယ်တော့ NLDဟာ ရင်ကြားစေ့ရေးလို့ တောက်လျှောက်အော်နေခဲ့ပေမယ့် ၂၀၁၅နောက်ပိုင်းမှာတော့ စစ်တပ်နဲ့ကြိတ်ပုန်းရန်ပွဲသဘောတရားတွေပဲ အများအပြားရှိခဲ့တယ်။ ဒါတွေကို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလို့ ပြောဖို့ အတော်ခက်ပါလိမ့်မယ်.....


p.s ဒီစာရဲ့ အနှစ်ချုပ်ကတော့ NLDလုပ်ခဲ့တဲ့ ရင်ကြားစေ့ရေးဆိုတာဟာ သူတို့ကိုယ်တိုင်ကိုးကားခဲ့တဲ့ တောင်အာဖရိကက မင်ဒရဲလားတို့မူဝါဒနဲ့ တော်တော်လေး ကွဲ‌လွဲနေတာကိုရည်ညွှန်းပါတယ်။ ရင်ကြားစေ့ရေးဆိုတာ ဆေးခါးကြီးတစ်ခွက်မဟုတ်ဘူး။ လက်မြောက်အရှုံးပေးခြင်း မူဝါဒလည်းမဟုတ်ဘူး။ သဘောထားကြီးတဲ့ မူဝါဒ၊ သွေးထွက်သံယိုမှုနည်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ပဲဖြစ်တယ်။ ဒီထဲမှာ ကိုးကားထားတဲ့ လေ့လာသူတွေရဲ့ ဆွေးနွေးခန်း၊အင်တာဗျူးတွေက သူတိုရဲ့ပြောစကားတွေကို မှတ်မိသလောက် ခေါင်းထဲကဖြစ်ညှစ်ထုတ်ထားတာပါ။ တစ်ချို့မထည့်လိုက်ရတဲ့ ပြောစကားတွေအများကြီးရှိပါတယ်။ အဲ့တာတွေက ပြောတဲ့သူ နာမည်တွေ မမှတ်မိလို့ မထည့်လိုက်တာပါ။ credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page