top of page

မြန်မာစစ်တပ် ဘယ်လဲ

  • Writer: Revolution 4.0
    Revolution 4.0
  • Apr 26, 2021
  • 3 min read


လူတွေတွေးနေတာက မြန်မာပြည်ကို မအလဟာ မြောက်ကိုရီးယားဇာတ်သွင်းမလားပေါ့။ တစ်ကယ်တော့ မအလက ထိုင်းကစစ်ဗိုလ်ချုပ်တွေကိုအားကျပြီး ထိုင်းလိုဖြစ်ချင်နေတာ။


ထိုင်းမှာဆို စစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းတာ အကြိမ် ၂၀ကျော်လောက်ရှိမယ်။ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲဆိုတာနဲ့အာဏာသိမ်းပွဲဆိုပြီး တွဲမြင်လောက်တဲ့အထိကိုဖြစ်နေတာ။ ဒါပေမဲ့ စစ်တပ်ကဘယ်လောက်အာဏာသိမ်းသိမ်း ထိုင်းနိုင်ငံဟာ မြန်မာပြည်လိုစုတ်ပြတ်သတ်မသွားဘူး။ ထိုင်းစစ်တပ်ဟာ နိုင်ငံတော်အာဏာကိုပဲသိမ်းတာဖြစ်တယ်။ ပြည်သူကိုပြည်သူလိုဆက်ဆံတယ်။ အဓိကရုဏ်းဖြိုခွဲမှုထဲမှာ လူအများဆုံးသေတာဆိုလို့ ၁၉၇၀ခုနှစ်အကျော်က ဆန္ဒပြပွဲမှာ လူတစ်ရာကျော် သေဆုံးခဲ့တာပဲရှိတယ်။ ကျန်တာတွေကတော့ သွေးထွက်သံယိုမှုမရှိသလောက်ပဲ။ စီးပွားရေးမှာဆိုလည်း ထိုင်းစစ်တပ်က ၀င်ရောက်စွက်ဖက်တာမျိုးမရှိဘူး။ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ဆိုတဲ့ ဈေးကွက်စီးပွားရေးစနစ်ကိုပဲ တည်ဆောက်ထိန်းသိမ်းထားတယ်။ နောက်ပြီး သက်ဆိုင်ရာဌာနအသီးသီးမှာ တော်ရင်တော်သလို ပညာရှင်တွေကို မြှောက်စားတယ်၊ နေရာပေးတယ်။ ထိုင်းစစ်တပ်ဟာ အုပ်ချုပ်ရေးကဏ္ဍကလွဲပြီး တခြားကဏ္ဍတော်တော်များမှာ ပညာရှင်တွေကိိုဦးစား‌ပေးပြီး လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ပေးထားတော့ ထိုင်းနိုင်ငံရဲ့လှုမှု၀န်‌ဆောင်မှုကဏ္ဍတွေနဲ့စီးပွား‌ရေးဟာ သူ့အတိုင်းအတာနဲ့သူအောင်မြင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဒီမိုကရေစီအခြေခံအချို့တားဆီးခံရတာရယ်၊ ထိုင်းဘုရင်စနစ်ကိုဝေဖန်တာရယ်ကလွဲရင် ကျန်တဲ့ကဏ္ဍတွေမှာ ထိုင်းနိုင်ငံဟာ ကမ္ဘာကိုရင်ဘောင်တန်းနိုင်တယ်။


ဒါပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကတော့ ထိုင်းစစ်ဗိုလ်တွေလို အတွေးအခေါ် ဦးနှောက်မျိူးမရှိဘူး။ သူတို့ဟာ အုပ်ချုပ်ရေးအာဏာကိုစယူကတည်းက သွေးချောင်းစီးဖို့ကိုပဲဦးစားပေးတယ်။ လူထုကို ရန်သူလိုဆက်ဆံတယ်။ စောက်တလွဲ စီမံမှုညံ့ဖျင်းမှုအမှားတွေနဲ့ တိုင်းပြည်ရဲ့စီးပွားရေးကို ချောက်ထဲကျအောင်ဆွဲချခဲ့တယ်။ ဆိုရှယ်လစ်စီပွားရေးဆိုတဲ့ သောက်တလွဲစီမံကိန်းနဲ့ ၆၂ကနေ ၈၈အထိ တိုင်းပြည်ကို အဆင်းရဲဆုံးဆိုတဲ့ LDCစာရင်းထဲ၀င်အောင်လုပ်ခဲ့တယ်။ ၈၈နောက်ပိုင်းရောက်တော့ မြန်မာကို ဗီယက်နမ်လိုမျိုး အာရှကျားများဖြစ်လာလေမလားဆိုပြီး အာဆီယံအဖွဲ့ထဲထည့်ပြီး စီးပွားရေးပြန်လည်ထူထောင်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေက အကူအညီတွေပေးခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေရဲ့သေးသိမ်ညံ့ဖျင်းတဲ့ဦးနှောက်ကြောင့် ဈေးကွက်စီးပွားရေးဖြစ်မလာပဲ လက်တစ်ဆုပ်စာလူတွေသာ မောင်ပိုင်စီးထားတဲ့ ခရိုနီစီးပွားရေးပဲဖြစ်လာခဲ့တယ်။ ဒါ့အပြင် ပညာရှင်တွေဆိုရင် သေမတတ်ကြောက်တတ်တဲ့ မြန်မာစစ်တပ်ဟာ ပညာရှင်တွေကို ကူညီရမယ့်အစား ခေါင်းမထောင်နိုင်အောင် ဖိနှိပ်တယ်၊ နှိပ်ကွပ်တယ်။ ဒါကြောင့် ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေဟာ နိုင်ငံရေးဆိုရင် ဝေးရာမှာနေတယ်။ အစိုးရယန္တာရားလည်ပတ်ရာမှာလည်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မသိချင်ယောင်ဆောင်တတ်ကြတယ်၊ ၀င်မပါဘူး။ အဲ့ဒီလိုလစ်လပ်သွားတဲ့ပညာရှင်တွေနေရာမှာ စစ်တပ်ထဲက ဘောင်းဘီချွတ်တွေကိုနေရာပေးတယ်၊ လက်‌သင့်ရာစားတော်ခေါ်တာတွေများလာတယ်။ ဒီလိုနဲ့ စစ်အာဏာရှင်လက်အောက်မှာ မြန်မာပြည်ဟာ ဘက်ပေါင်းစုံကနေတဖြည်းဖြည်းချို့ယွင်းပျက်စီးလာပြီး ‌တိုင်းပြည်ဟာအဖက်ဆယ်လို့မရအောင်စုတ်ပြတ်သတ်ခဲ့ရတယ်။ ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ကိုယ့်ကိုကိုယ်အရည်ချင်းမရှိမှန်း နားမလည်ကြဘူး။ အဲ့ဒါဟာ တစ်ကယ် ၀မ်းနည်းစရာကောင်းတယ်။


မြန်မာပြည်ကို မြောက်ကိုရီးယားလိုဇာတ်သွင်းဖို့ဆိုတာ တော်တော်လေးကိုမှဖြစ်နိုင်ချေနည်းပါတယ်။ အဓိကက သမိုင်းကြောင်းရယ်၊ ပထဝီအနေအထားရယ်၊ ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ရယ်က အတော်ကွာတယ်။ မြောက်ကိုရီးယားမှာဆို ဥက္ကဌကြီး ကင်အီဆွန်းကိုဆို လူတွေက ဘုရားတစ်ဆူလိုကိုးကွယ်ကြတာပါ။ အဲ့ဒီလိုဖြစ်အောင်လည်း ကွန်မြူနစ်အလုပ်သမားပါတီက ဝါဒဖြန့်ထားတာ။ ဒါကြောင့် ဥက္ကဌကြီးကိုချစ်ရင် သားစဉ်မြေးဆက်ကိုပါချစ်ရမယ်ဆိုတဲ့စိတ်က မြောက်ကိုရီးယားလူမျိုးတွေဆီမှာရှိတယ်။ မြောက်ကိုရီးယားမှာ အဲ့လိုသမိုင်းမျိုးရှိပေမယ့် မြန်မာပြည်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းကလွဲရင် ဘယ်စစ်ခေါင်းဆောင်ကိုမှ လူထုကယုံကြည်ကိုးစားခြင်းမရှိဘူး။ ဒါ့အပြင် စစ်ဗိုလ်ချုပ်တွေရဲ့ ရက်စက်ယုတ်မာမှုတွေကို မြန်မာပြည်သူလူထုဟာ မျိုးဆက်တိုင်း မျိုးဆက်တိုင်း ခေတ်တိုင်း ခေတ်တိုင်းမှာအထင်အရှားတွေ့ခဲ့တာမို့ ဘယ်ဝါဒမှိုင်းကိုမှလည်း ယုံကြည်မှာမဟုတ်ဘူး။ နောက်ပြီး မြောက်ကိုရီးယားပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ဟာ အလုပ်သမားပါတီရဲ့ ဖိနှိပ်မှုတွေကြောင့် အင်မတန်ကိုမှ နိမ့်ကျပါတယ်။ သူတို့ဟာ စစ်ကြီးပြီးကတည်းက လွတ်လပ်မှုတို့၊ ကြွယ်၀ချမ်းသာမှုတို့၊ ဒီမိုကရေစီတို့ဆိုတာကို တစ်ခါမှမခံစားခဲ့ဖူးဘူး။ ဒါ့အပြင် မြောက်ကိုရီးယားအစိုးရရဲ့ တံခါးပိတ်ပေါ်လစီ‌ကြောင့်လည်း ပြည်သူလူထုဟာ ကိုရီးယားပြည်တွင်းစစ်ပြီးကတည်းက ကမ္ဘာကြီးနဲ့အဆက်ပြတ်ခဲ့တယ်။


ဒါကြောင့် မြောက်ကိုရီးယားပြည်သူလူထုဟာ တရားမျှတမှုတို့၊ လွတ်လပ်မှုတို့ဆိုတာကို သူတို့ ဘ၀တစ်လျှောက်လုံး မကြုံတွေ့ခဲ့ရတော့ ကိုယ့်ကိုကိုယ် ဘယ်ဘ၀ရောက်လို့ရောက်နေမှန်းတောင်မသိရှာကြဘူး။ ဥက္ကဌကြီးရဲ့အရိပ်အာ၀သဟာ သူတို့ကိုလုံခြုံစေတယ်လို့ပဲ သိကြတယ်။ အင်မတန်ကိုမှ နိုင်ငံရေးနဲ့အလှမ်းဝေးကွာလွန်းတယ်။ သို့သော် မြန်မာပြည်သူလူထုကတော့ ဒီမိုကရေစီရဲ့ရွှေခေတ်လို့ပြောလို့ရတဲ့ ၁၉၅၀ပြည့်လွန်နှစ်တွေမှာလည်း နေထိုင်ဖူးတဲ့အတွက် ဒီမိုကရေစီရဲ့အနှစ်သာရကို‌ ကောင်းကောင်းနားလည်တယ် ။ နောက်ပြီး နည်းပညာထွန်းကားတဲ့ ၂၀၁၀နောက်ပိုင်း ယခုလက်ရှိအချိန်ထိလည်း တစ်စွန်းတစ်စ ဒီမိုကရေစီထွန်းကားတဲ့ခေတ်မှာလည်း နေထိုင်ခဲ့တော့ တိုးတတ်မှု၊ကြွယ်၀ချမ်းသာမှု၊လွတ်လပ်မှုတွေဆိုတာတွေကို မြန်မာလူမျိုးတွေ မြည်းစမ်းခွင့်ရခဲ့တယ်။ ဒါတွေကပဲ မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ကို မြှင့်တင်ပေးလိုက်တာ ဖြစ်တယ်။ ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာက မကောင်းဘူး၊ ဘယ်ဟာက တရားမျှတတယ်၊ ဘယ်ဟာကတော့ တရားမမျှတဘူး။ ဘယ်ဟာကတော့ အစစ်အမှန်၊ ဘယ်ဟာကတော့ အတုအယောင်ဆိုတာတွေကို ကောင်းကောင်းခွဲခြားနိုင်တဲ့အသိရှိတယ်။ အဲ့ဒီလို အသိ၊ အဲ့ဒီလို စိတ်ဓာတ်မျိုးတွေကပဲ မြန်မာပြည်ကို မြောက်ကိုရီးယားလိုမဖြစ်အောင် တားဆီးကာကွယ်ပေးနေတာဖြစ်တယ်။

စစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်ကို သူတို့လက်ခုတ်ထဲကရေလို မှောက်လိုမှောက် သွန်လိုသွန်ဖြစ်အောင် အမြဲကြိုးစားခဲ့တယ်။ ဒါပေမဲ့မအောင်မြင်ဘူး။ ‌နေ၀င်းဟာ တိုင်းပြည်ရဲ့ အဓိပတိကြီးအဖြစ် သမိုင်းတွင်ချင်တယ်။ ဒါပေမဲ့ လူထုက ဖြုတ်ချလို့ မရှုမလှ ဇာတ်သိမ်းခဲ့ရတယ်။ သန်းရွှေဟာ တိုင်းပြည်ကို ကယ်တင်သူဖြစ်ချင်တယ်။ ဒါပေမဲ့ အတိုက်အခံတွေရဲ့ ဖိအားပေးမှုကြောင့် အာဏာကိုလက်လွှတ်ပြီး ထွက်ပေါက်ရှာခဲ့ရတယ်။ ဒီ‌လို စစ်ခေါင်းဆောင်တွေအနေနဲ့ တိုင်းပြည်အာဏာကို လူထုလက်ထဲလွှဲပေးတယ်ဆိုတာ တိုင်းပြည်ကိုချစ်လွန်းလို့မဟုတ်ဘူး။ သူတို့ဟာ ဒီပုံစံအတိုင်း အာဏာကိုအသေကိုင်ပြီးဆက်သွားနေမယ်ဆိုရင် သူတို့ဇာတ်သိမ်းမလှနိုင်ဘူးဆိုတာ သဘောပေါက်ကြလို့ဖြစ်တယ်။ သူတို့အနေနဲ့တိုင်းပြည်ကို ပိုတင်းကျပ်လေ လူထုနဲ့ထိပ်တိုက်တွေ့လေဆိုတာ ပိုပြီးနားလည်တယ်။ ဒီလိုလက်နက်ကိုင်တပ်ဖွဲ့တွေ အများကြီးရှိတဲ့ တိုင်းပြည်မှာ "မြို့ပေါ်ကဆူ၊တောက သူပုန်ထ"ဆိုတာမျိုးတွေကို စစ်ခေါင်းဆောင်တွေ အမြဲစိုးရိမ်ခဲ့ကြတယ်။ ဒါကြောင့် မြို့ပေါ်ကလူတွေကို ချော့တစ်လှည့်၊ ခြောက်တစ်လှည့် လုပ်ပြီး ဖြိုခွင်းလေ့ရှိတယ်။ ဥပမာ ၈၈နောက်ပိုင်းက တိုင်းပြည်ရဲ့အရန်ဆန်အိတ်တွေကုန်တော့ မြို့ပေါ်မှာလူတွေမဆူအောင် ဆန်ဈေးကို မြို့ပေါ်မှာလျော့ပေးထားပြီး နယ်ဘက်တွေမှာကျ မတန်တဆဈေးတွေနဲ့ရောင်းတာမျိုးတွေဖြစ်ခဲ့ဖူးတယ်။


ဒါကြောင့် စစ်ဗိုလ်ချုပ်တွေဟာ လူထုကို မြူဆွယ်ဖျားယောင်းတဲ့နည်းတွေသုံးလာတယ်။ အမှန်နဲ့မုသားတစ်၀က်ကိုရောပြီး တစ်ကယ့်အစစ်အမှန်လို့ထင်လာ‌အောင်လုပ်လာတယ်။ နိုင်ငံရေးသမားတွေပြောလေ့ရှိတဲ့ "အကြွင်းမဲ့အာဏာဟာ၊ လူကို အကြွင်းမဲ့ပျက်စီးစေသည်"ဆိုတာ။ ဒီတော့ စစ်ခေါင်းဆောင်တွေက အာဏာကိုသူတို့လက်ထဲမှာ ကြာကြာမထိန်းပဲ၊ လက်ပါးစေတွေကတစ်ဆင့်ထိန်းသိမ်းဖို့ကြိုးစားလာတယ်။ ဥပမာ စစ်တပ်အာဏာတည်ဖို့ ကြံ့ဖွတ်ဖွဲ့ပြီး ရွေးကောက်ပွဲ၀င်ပြိုင်သလိုမျိုး။ အခုဖြစ်နေတဲ့ စစ်တပ်ရဲ့ခြေလှမ်းကမြောက်ကိုရီးယားထက် ထိုင်းနိုင်ငံလိုမျိုးဘက်ကို တိမ်းညွှတ်နေတာ။ အခုတစ်ကြိမ် စစ်တပ်ကအာဏာသိမ်းတာဟာ ကျဆင်းနေတဲ့ သူရဲ့ဂုဏ်သိက္ခာတွေကိုပြန်လည်အဖတ်ဆယ်ဖို့ "လူရိုသေ ရှင်ရိုသေ" ဖြစ်အောင် အာဏာသိမ်းတာလို့ လေ့လာသူတွေက ခန့်မှန်းကြတယ်။ ဒါပေမဲ့ ရလာဒ်က "လူရိုသေ၊ ရှင်ရိုသေ"မဟုတ်ပဲ "လူမလေး၊ ခွေးမခန့်"ပဲဖြစ်လာခဲ့တယ်။ စစ်တပ်ဟာ လူထုထောက်ခံတဲ့ NLDကို အမြဲတမ်းရန်သူလိုသဘောထားဆက်ဆံခဲ့တယ်။ နောက်ပြီး သူဟာ တိုင်းပြည်အတွက် တစ်ကယ့်အရေးကြီးအဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုတာ လူထုကိုသက်သေပြချင်နေတယ်။


စစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ဟာNLDအစိုးရထက် သာတယ်ဆိုတာကို လုပ်ပြချင်နေတယ်။ ငြိမ်းချမ်းရေးကို ယူပေးတာလည်း စစ်တပ်၊ တိုင်းပြည်ကိုကယ်တင်တာလည်း စစ်တပ်၊ တိုင်းပြည်ကို ဖွံ့ဖြိုးအောင် လုပ်ပေးတာလည်း စစ်တပ် စတဲ့ "လူရိုသေ၊ ရှင်ရိုသေ" ဘွဲ့ကိုအင်မတန်မက်မောနေတယ်။ စစ်တပ်ဘက်က တွေးထားတာက သူအာဏာသိမ်းလိုက်မယ်၊ ပြီးရင် တစ်နှစ်အတွင်း တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေးယူမယ်။ ရွေးကောက်ပွဲပြန်ကျင်းပမယ် PRစနစ်နဲ့ ‌ရွေးကောက်ပွဲလုပ်ပြီး မအလက သမ္မတလုပ်မယ်။ ထိုင်းစစ်တပ်လုပ်သလို တိုင်းပြည်ကို တိုးတတ်အောင် စစ်တပ်ကဦးဆောင်ပြီးလုပ်မယ်။ အဲ့လိုနဲ့အချိန်တွေကြာပြီး ဒေါ်စုမရှိတော့ရင် ပြိုကွဲနေတဲ့ နိုင်ငံရေးအုပ်စုတွေကြားထဲ စစ်တပ်ရဲ့ဦးဆောင်မှုနဲ့တိုင်းပြည်ဦးဆောင်ပြီး စစ်တပ်နဲ့သင့်သင့်မြတ်မြတ်ရှိတဲ့ နိုင်ငံရေးသမားကိုသာ အစိုးရဖြစ်ခွင့်ပေးမယ်။ ဒီလိုနဲ့ စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးဦးဆောင်မှုမှာ အစဉ်တစိုကိအမြဲပါနေမယ်။ သူဟာ NLDထက်သာတယ်၊ စစ်တပ်ဆိုတာဟာ မြန်မာပြည်မှာ အင်အားအကြီးဆုံး institutionတစ်ခုဖြစ်တယ်ဆိုတာလည်း သက်သေပြပြီးဖြစ်မယ်။ ဒါဟာ စစ်ခေါင်းဆောင်တွေရဲ့ တွေးတောချက်တွေပဲ။


ဒါပေမဲ့ သူတို့ဟာ လူထုကိုလျော့တွက်ခဲ့ကြတယ်။ လူထုဟာ သူတို့လုပ်သမျှကို အသာလေးငြိမ်ကြည့်နေမယ်ထင်ခဲ့တယ်။ အဲ့တာဟာ သူတို့ရဲ့အမှားကြီးပဲ။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို အသည်းထဲကနေပြီး ရွံ့မုန်းနေကြပြီ၊ စစ်တပ်ဆိုတဲ့ အစုအဖွဲ့ကိုလည်း တိုင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဆိုတာထက် လူသတ်မုဒိန်းကျင့်တဲ့ အကြမ်းဖက်ရာဇ၀တ်ကောင်အဖွဲ့အစည်းလို့ မှတ်ယူသွားကြပြီ။ စစ်တပ်လုပ်မယ့် ဒီမိုကရေစီဆိုတာကိုလည်း ဖာခေါင်းလုပ်မယ့် ပြည့်တန်ဆာပပျောက်ရေးလိုပဲ ပြည်သူက တစ်စက်ကလေးမှ အယုံအကြည်မရှိဘူး။ သွေးချောင်းစီးနေတဲ့ လူသတ်ပွဲကြီးတွေကို နေ့စဉ်ကြုံတွေနေရတဲ့ လူထုဟာ စစ်တပ်အပေါ်မှာ အရွံ့ကြီး ရွံ့သွားကြပြီ။ အာဏာမသိမ်းခင်က တွေးထားတဲ့ စစ်တပ်ရဲ့အမြင်တွေဟာလည်း တက်တက်စင်အောင်လွဲသွားခဲ့တယ်။ သူတို့ကိုယ် သူတို့ ထိုင်းစစ်ဗိုလ်တွေလိုဖြစ်အောင်ကြိုးစားခဲ့ပေမယ့် ကိုယ့်ပြည်သူကိုယ်ပြန်သတ်တဲ့ မြန်မာစစ်ဗိုလ်တွေကတော့ ဘယ်တော့မှ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ လေးစားမှုကိုပြန်ရတော့မှာမဟုတ်ဘူး။


ဒါကြောင့် စစ်ဗိုလ်ချုပ်တွေဟာ ဒီအကျပ်အတည်းကနေ မြန်မြန်ရုန်းထွက်ချင်နေတယ်။ ဒါပေမဲ့ အာဏာကိုလည်း လက်မလွှတ်နိုင်ဖြစ်နေတော့ မြောက်ကိုရီးယားလို အလုံးစုံဥသုန်တံခါးပိတ်လိုက်မယ့်အစား လူထုကိုပြန်လည် စည်းရုံးတဲ့နည်းတွေသုံးပြီး တိုင်းပြည်ကိုပြန်တည်ဆောက်လိမ့်မယ်။ အာဏာမသိမ်းခင်က ရှိခဲ့တဲ့ စီးပွားရေးအနေအထားတွေ၊ လူမှုကဏ္ဍတွေကိုပြန်ရအောင် အနှေးနဲ့အမြန်ကြိုးစားလာကြလိမ့်မယ်။ အဲ့ဒီလို လုပ်ပြတဲ့အခါ နဂိုကတည်းက တည်ငြိမ်မှုကိုလိုချင်တဲ့ လူတွေက ဒီစစ်ဗိုလ်တွေ အုပ်ချုပ်လည်း မဆိုးပါဘူးဆိုတာမျိုးတွေဖြစ်လာမယ်။ ဥပမာ စီးပွား‌ရေးပဲ အေးဆေးလုပ်ချင်တဲ့လူ၊ ကျောင်း‌လေးကို နိုင်ငံခြားမှာပဲအေးဆေးတတ်ချင်တာတို့၊ ဒီလိုလေးဖွံ့ဖြိုးတိုးတတ်နေလည်း မဆိုးဘူးဟဆိုတဲ့ ကြားနေလူတန်းစားတွေ ရှိလာလိမ့်မယ်။ မြန်မာပြည်မှာ ကြောက်ရတာက မြောက်ကိုရီးယားလို အတင်းအကျပ် နှိပ်ကွက်တာမျိုးမဟုတ်ပဲ၊ ထိုင်းမှာလို "မင်းကွာ ဘုရင်စနစ်ကို ဝေဖန်တာနဲ့ စစ်တပ်ကိုဆန့်ကျင်တာကလွဲရင် ကျန်တာအကုန်လုပ်" ဒါမှမဟုတ် တရုတ်ပြည်မှာလို "ငါ့ကောင်ရေ နိုင်ငံရေးကလွဲရင်ကျန်တာအကုန်လုပ်၊ ချမ်းချမ်းသာသာနေ"ဆိုတဲ့ အတွေးမျိုးတွေ ဖြစ်လာမှာဆိုးတယ်။ ‌ဒီလိုလုပ်ရပ်တွေကို အပေါ်ယံတွေးကြည့်ရင် မှန်သလိုလိုထင်ရပေမယ့် တစ်ကယ်တမ်းကျတော့ အမှန်တရားကို ကျောခိုင်းလိုက်တာသာဖြစ်တယ်။ ပြည်သူဆန္ဒနဲ့အညီရွေးချယ်ထားတဲ့အစိုးရကိုဖြုတ်ချတယ်ဆိုတာဟာ ပြည်သူကိုစော်ကားတဲ့အမှန်တရားဖြစ်တယ်၊ နောက်ပြီး မြန်မာစစ်ဗိုလ်တွေဟာ ထိုင်းစစ်တပ်လို တိုင်းပြည်ကို ရေရှည်ဖွံ့ဖြိုးအောင်လုပ်နိုင်တဲ့ ပညာရယ်၊ အတွေ့အကြုံရယ်၊ စီမံခန့်ခွဲမှုဆိုတဲ့ ကဏ္ဍတွေမှာ ချွတ်ခြုံကျနေတဲ့ အဖွဲ့အစည်းတစ်ခုသာဖြစ်တယ်။ သူတို့ရဲ့စီးပွားရေးဈေးကွက်ဆိုတာက ဆိပ်ကမ်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေမဟုတ်ပဲ သယံဇာတတွေထုတ်ရောင်းပြီး အသက်ဆက်နေတဲ့ သယံဇာတကျိန်စာစီးပွားရေးမျှသာဖြစ်တယ်။ နောက်ပြီး ပြည်သူကိုလက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်နေတဲ့စစ်တပ်ကို လူတွေက အားကိုးတကြီးမျှော်လင့်ချက်ထားမိတယ်ဆိုရင် အရေးတော်ပုံကာလအတွင်း ကျဆုံးသွားတဲ့လူတွေကို လျစ်လျူရှုခြင်းတစ်ခုမျှသာဖြစ်တယ်။


ဒါကြောင့် အနုနည်းသုံးပြီး စည်းရုံးသိမ်သွင်းမယ့် စစ်တပ်ရဲ့ဗျူဟာထဲမှာ လူထုကပြန်လည် ဦးညွှတ်မသွားဖို့လိုတယ်။ ဘာကြောင့်ဒါတွေပြောနေရသလဲဆို ရေရှည်တိုက်ပွဲဖြစ်တာကြောင့် လူထုက သွေးအေးမသွားဖို့လိုတယ်။ လူဆိုတဲ့သဘာ၀ကလည်း ကြာလေ သွေးအေးတတ်တယ်ဆိုတဲ့သဘောကလည်းရှိတယ်။ လက်နက်ကိုင်တိုက်ပွဲလုပ်နေတဲ့လူတွေတောင် စစ၀င်ချင်းတုန်းက တွေ့ရာသခ်ျုင်းဓားမဆိုင်းဆိုပြီး ‌စိတ်ဓာတ်တွေတတ်ကြွ တိုက်မယ် ခိုက်မယ် တကဲကဲ လုပ်နေပေမယ့်၊ နှစ်လည်းအတော်ကြာလာတော့ ရန်သူကို ယောက်ဖခေါ်လို့ခေါ်လာတယ်၊ နည်းနည်းဝါရင့်လာတော့ ဂတုတ်ကျင်းထဲကထွက်ပြီး စကားလေးဘာလေးပြော၊ ဒီထက် ဝါရင့်သွားတော့ နှစ်ဖက်အဖွဲ့တွေ တိုက်ပွဲနားချိန်လေး ဘောလုံးတွေပါတွေ ချိန်းကန်တာတွေ လုပ်လာကြတာ။ ဒီလို သွေးအေးတတ်တဲ့ သဘောတွေကလည်းရှိတော့ စစ်တပ်ဟာ မြန်မာပြည်အတွက် ဘယ်လောက်ကောင်းအောင်လုပ်ပြ လုပ်ပြ ဒါဟာ ရေရှည်မှာ မအောင်မြင်နိုင်ဘူးဆိုတာ နားလည်ထားရမယ်။ ဒါကြောင့် တစ်ဦးတည်းအမြင်ရတော့ မြန်မာပြည်ဟာ မြောက်ကိုရီးယားလိုဖြစ်မယ်လို့လည်း မထင်ဘူး။ မြောက်ကိုရီးယားလို အပြင်းအထန်တွေ ဖိနှိပ်၊ ကန့်သတ်၊ ပိတ်ဆို့မယ်ဆိုရင်တော့ အာဏာရှင်တွေဟာ လူထုဒေါသကို ငယ်ထိပ်တတ်အောင် အင်ဂျင်တတ်ပေးလိုက်တာသာဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း အသေထွက်ထွက်ဖို့ ပိုနီးသွားမယ်။ ဒါကြောင့် အဲ့လိုနည်းတွေကိုရှောင်ပြီး ရေရှည်မှာ လူထုကိုစည်းရုံးသိမ်းသွင်းတဲ့နည်းတွေနဲ့ တိုင်းပြည်ကို လိမ်လည်လှည့်ဖျားကြလိမ့်မယ်။ ဥပမာ အင်တာနက်ပြန်ဖွင့်ပေးတာတို့၊ ကျောင်းတွေ၊ ဆေးရုံတွေကို အခမဲ့ပေးတာတို့ စသဖြင့်ပေါ့။ အဲ့ဒီလို လိမ်လည်ဖျားယောင်းတာက မြောက်ကိုရီးယားဖြစ်တာထက်ပိုဆိုးပါလိမ့်မယ်။ ဘာလို့ဆို မြောက်ကိုရီးယားလိုဖြစ်နေရင် လူထုက ငါတို့ကိုမတရားလုပ်နေတာပဲ တွန်းလှန်မှရမယ်၊ ပြန်တိုက်မယ်ရမယ်ဆိုတာ သိတယ်။ ဘာလို့ဆို မတရားမှုတွေ နေ့စဉ်ကြုံနေရတာကိုး။ ဒါပေမဲ့ စစ်ကောင်စီက ထိုင်းစစ်တပ်လို ဟိုဟာလေး ဒီဟာလေး လုပ်ပြတာလေးကို လူတွေက "ဒီစစ်ဗိုလ်တွေအုပ်ချုပ်‌လည်း မဆိုးပါဘူး၊ အတော်တော့ တိုးတတ်သား၊ အဆင်ပြေသားလို့"ထင်မိရင်တော့ ဒီစစ်ကျွန်ဖိနပ်အောက်က ဒီတစ်သက် ပြန်တတ်ကိန်းမမြင်ဘူး။ ဒါကြောင့် စစ်တပ်ရဲ့ ဖျားယောင်းသွေးဆောင်မှုတွေကို သတိကြီးကြီးထားဖို့လိုပါတယ်။ credit for photo

Comentarios


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page