top of page

အမိမြေ သို့မဟုတ် သေခြင်းတရား

  • Writer: Revolution 4.0
    Revolution 4.0
  • Apr 13, 2021
  • 2 min read

ree

အခုတစ်လော စစ်တပ်နဲ့ပတ်သတ်တဲ့ စစ်လက်နက်ပစ္စည်းတွေပဲတင်နေတော့ မသိရင် စစ်တပ်ကပဲ အသာစီးရတော့မယ်ဆိုတဲ့ ပုံစံမျိုးတွေလည်းတွေ့နေရတယ်။ တစ်ကယ်တော့ စစ်ပွဲတစ်ပွဲမှာ ပစ်အားဆိုတဲ့ "fire power"ကလည်း အရေးကြီးတယ်ဆိုတာ ထည့်သွင်းစဉ်းစားရမှာဖြစ်တဲ့အပြင် နောက်ထပ်လိုအပ်တာက စစ်သည်တွေရဲ့ ခံယူချက်စိတ်ဓာတ်ပဲ။ စစ်သားတစ်ယောက်ဟာ တိုက်ရင်းနဲ့သေ၊ မသေသေးရင်တိုက်ဆိုတဲ့အထိကို သေရမှာကိုကြောက်ရွံ့မနေကြဘူး။ သို့သော် အဲ့ဒီသေရမှာကိုမကြောက်တဲ့စိတ်ဟာ သူ့ချည်းသက်သက်ဖြစ်ပေါ်လာတာတော့မဟုတ်ဘူး။ အဲ့ဒီလိုမျိုးစိတ်ဓာတ်ကို မွေးဖွားပေးမယ့် ရေခံမြေခံအကြောင်းတရားတွေက‌တော့ရှိဖို့လိုတယ်။ ဥပမာ - အမိမြေကိုကာကွယ်ဖို့၊ ကျူးကျော်စစ်ကိုတွန်းလှန်ဖို့၊ လွတ်လပ်ရေးအတွက်၊ တရားမျှတမှုအတွက် စသည်ဖြင့် အဲ့ဒီလိုအကြောင်းတရားတွေကို အခြေခံပြီးတော့မှ စစ်သားတစ်ယောက်ဟာ သေရဲ၊တိုက်ရဲတယ်ဆိုတဲ့ စိတ်မျိုးကိုရရှိလာတာဖြစ်တယ်။ ဗမာစစ်တပ်ဟာအရင်တုန်းကတော့ အဲ့လိုစိတ်ဓာတ်မျိုးရှိခဲ့တယ်။ ပြည်တွင်းစစ်ကာလမှာ များပြားလွန်းလှတဲ့ လက်နက်ကိုင်တပ်တွေကို အစိုးရဘက်က စစ်သည်အင်အားအနည်းငယ်လောက်နဲ့ပဲ လှေခွက်ချည်းကျန် အလံမလှဲခုခံခဲ့တာ နည်းတဲ့သတ္တိမဟုတ်ဘူး။ ဒါ့အပြင် ကွမ်းလုံတိုက်ပွဲမှာဆိုရင်လည်း ဗကပရဲ့အင်အား၁၅၀၀လောက်ကို ဗမာစစ်တပ်က အင်အား၁၆၀လာက်နဲ့ အသေအကျေခုခံခဲ့ကြတာကလည်း နည်းလှတဲ့စိတ်ဓာတ်တော့မဟုတ်ဘူး။ ငါ့စခန်းကို ငါသေမှရမယ်ဆိုတဲ့အထိ ခံယူချက်ကို ပြင်းပြင်းထန်ထန်ဆွဲကိုင်ပြီး တိုက်ပွဲ၀င်ခဲ့ကြတယ်။

ဒါပေမဲ့ ၈၈နောက်ပိုင်းမှာတော့ ဗမာစစ်တပ်မှာ အဲ့လိုစိတ်ဓာတ်မျိုးတွေမရှိတော့ဘူး။ သူတို့ဟာ ဘာအတွက်တိုက်နေရတာလဲဆိုတာကို သူတို့ကိုယ်တိုင်နားမလည်လာတော့ဘူး။ သူ့တို့ဟာ ဘယ်သူ့အတွက်သေရဲတာလဲ၊ ဘယ်သူ့အတွက်တိုက်ရဲတာလဲဆိုတာ သူ့တို့ကိုယ်တိုင်ပါမေးခွန်းပြန်ထုတ်လာကြတယ်။ ၈၈မတိုင်ခင် ခေတ်တစ်လျှောက်လုံးက "ကွန်မြူနစ်ကြောက်ရောဂါ၊ ပြည်ပရန်ကြောက်ရောဂါ၊ ပြည်ထောင်စုပြိုကွဲရေးကြောက်ရောဂါ"စတဲ့ ‌ကြောက်ခြင်းကြီးသုံးပါးကို idealogyအဖြစ်အခြေခံပြီး သေရဲရမယ်၊ တိုက်ရဲရမယ်ဆိုတဲ့စိတ်ကို စစ်သည်တွေကြားထဲမှာ ရိုက်သွင်းပေးခဲ့တယ်။ ၈၈မတိုင်ခင်ထိတော့ အဲ့ဒီစိတ်ဓာတ်ဟာအလုပ်ဖြစ်ခဲ့တယ်။ ၁၉၈၉ခုနှစ်မှာ ဗကပ ပြိုကွဲပြီးနောက်ပိုင်းမှာတော့ ကွန်မြူနစ်တွေလည်းမရှိတော့တဲ့အတွက် စစ်တပ်ကြားထဲမှာ "ကွန်မြူနစ်ကြောက်ရောဂါ"ကလည်းမရှိ‌တော့ဘူး။ နောက်ပြီး ပြည်ပရန်ကိုကာကွယ်မယ်ဆိုသော်လည်း စစ်အေးတိုက်ပွဲကလည်းပြီး၊ ဗကပနဲ့အတူပါလာတဲ့ တရုတ်ပြည်ကအပျော်တမ်းကြေးစားစစ်သားတွေကလည်း မရှိကြတော့ ပြည်ပရန်ကိုကာကွယ်မယ်ဆိုတဲ့ စိတ်ဓာတ်ကလည်း အလုပ်မဖြစ်ပြန်တော့ဘူး။ ဒါ့အပြင် ၈၈အာဏာသိမ်းပြီးနောက်ပိုင်း သန်းရွှေက စစ်တပ်ထဲမှာရှိတဲ့ တိုင်းရင်းသားတပ်ဗိုလ်၊တပ်မှုး၊ ဗိုလ်မှုးအဆင့်ရှိတဲ့လူတွေအားလုံးကိုအနားပေးပြီး စစ်တပ်ကို ဗမာဇာတ်သွင်းခဲ့တယ်။ ဒီအကျိုးဆက်ဟာ စစ်တပ်ထဲကအနားပေးခံရတဲ့လူတွေက တိုင်းရင်းသားတပ်‌ဖွဲ့တွေထဲရောက်ကုန်ပြီး KIAတို့ KNUတို့အင်အားကြီးထွားခဲ့တယ်။ စစ်တပ်ကသူကိုယ်တိုင် တပ်တွင်းလူမျိုးရေးသန့်စင်မှုလုပ်ပြီးတဲ့အခါမှာတော့ စစ်သည်တွေကိုယ်တိုင် ပြည်ထောင်စုပြိုကွဲရေးဆိုတဲ့အမြင်ကို သံသယစရှိလာတယ်။ ၈၈နောက်ပိုင်းမှာ အောက်ခြေလူထုစစ်သားတွေကြား ဘာကြောင့်သေရဲ၊တိုက်ရဲရမှာလဲဆိုတဲ့စဉ်းစားတွေးခေါ်နည်းဟာ အကန့်အသတ်နဲ့သာရှိခဲ့တယ်။


ဒါပေမဲ့ ၂၀၁၀နောက်ပိုင်း ဒီမိုကရေစီအစိုးရတတ်လာပြီးနောက်မှာတော့ အောက်ခြေစစ်သားတွေကြားမှာ သေရဲရမယ်၊တိုက်ရဲရမယ်ဆိုတဲ့ စိတ်ဓာတ်ကိုပုံဖော်ပေးမယ့် အခြေခံအကြောင်းအရာတွေက လုံး၀ကွယ်ပျောက်သွားသလိုဖြစ်သွားတယ်။ ဗိုလ်လောင်းသင်တန်းဆင်းပွဲပိုင်းတိုင်းမှာ မအလအမြဲပြောနေတဲ့ "စည်းကမ်းပြည့်၀တဲ့ ဒီမိုကရေစီကိုဖော်ဆောင်မယ်၊ ၂၀၀၈အခြေခံဥပဒေကိုကာကွယ်ရမယ်ဆိုတဲ့"အတွေးအခေါ်ကလည်း အောက်ခြေစစ်သားတွေကို ထူးထူးခြားခြားစစ်သွေးကြွမလာဘူး။ ဒီတော့ စစ်သားတွေဟာ တိုက်သာတိုက်နေရတယ် ဘာကြောင့်တိုက်နေရလဲမသိတော့ မသေရဲဘူး၊မတိုက်ရဲဘူး။ တစ်နည်းအားဖြင့် စစ်သွေးကြွမှုမရှိဘူးပေါ့။ လောက်ကိုင်တိုက်ပွဲမှာဆိုရင်လည်း ဗိုလ်လောင်းသင်တန်း‌ဆင်းခါစ ဗိုလ်လေးတွေ ရှေ့တန်းမှာကျတာမနည်းဘူး။ အကယ်၍ လေကြောင်းပစ်ကူသာ မပါရင် စစ်တပ်က MNDAAကိုအနိုင်တိုက်နိုင်ပါ့မလားဆိုတာ သံသယရှိစရာပဲ။ အနီးစပ်ဆုံး ရခိုင်ပြည်နယ်တိုက်ပွဲကိုကြည့်ရင်လည်း မြေပြင်တပ်သားတွေရဲ့ စစ်ရေးစိတ်ဓာတ်ဟာ တော်တော်လေးကို ညံ့ဖျင်းတယ်ဆိုတာ သွားတွေ့ရတယ်။ အခုလောလောဆယ် KIA KNUတို့နဲ့ဖြစ်နေတဲ့တိုက်ပွဲတွေမှာဆိုရင် တိုင်းရင်းသားတပ်တွေက မနက်၀င်တိုက် ညနေစခန်းကျဆိုတာမျိုးတွေအထိ ဖြစ်လာတယ်။ သိခဲ့ရသမျှကတော့ စခန်းတစ်ခုကိုသိမ်းဖို့ဆိုတာ အနည်းဆုံး လေးရက်၊ ငါးရက်လောက်ကတော့ တိုက်ယူရတယ်လို့ကြားဖူးတယ်။ အခုဟာက မနက်သိမ်း ညနေရဆိုတော့ စခန်းကိုအသေခံပြီးကာကွယ်ရမယ်ဆိုတဲ့ စစ်ရေးစိတ်ဓာတ်ကတော့ စစ်ကောင်စီရဲ့တပ်သားတွေမှာ မရှိ‌သလောက်ကိုဖြစ်နေပြီ။ စစ်ရေးအရကြည့်ရင် ဒါကြီးက အင်မတန်ကိုမှ ရုပ်ပျက်ဆင်းပျက်ပဲ။ မအလက စစ်တပ်ကို ခေတ်မှီစစ်တပ်ဖြစ်အောင်ပြုပြင်မယ်လို့ကြွေးကြော်ပြီး ရေငုတ်သဘော်တွေ၊ စစ်ဆင်ရေးတိုက်လေယာဉ်တွေ၀ယ်ယူခဲ့တယ်။ ဒါပေမဲ့ တပ်တွင်းအောက်ခြေတပ်သားတွေရဲ့ တိုက်ရဲ၊သေရဲရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဘာမှပြုပြုင်မပေးနိုင်ခဲ့ဘူး။ ဒါကြောင့်လည်း စစ်ရေးသုံးသပ်သူတွေက "မြန်မာစစ်တပ်ဟာ ဖွာလန်ကြဲနေပြီ။ လေယာဉ်ပစ်ကူနဲ့လက်နက်ကြီးပစ်ကူဆိုတာ ခြေလျင်တပ်တွေရဲ့အထောက်အပံ့ပဲ။ တစ်ကယ်တမ်း စခန်းသိမ်းတိုက်ပွဲကိုဆင်နွှဲရတာက ခြေလျင်တပ်သားတွေ။ ဒါကြောင့် ခြေလျင်တပ်သားတွေရဲ့ ရဲစိတ်ရဲမာန်ကိုမဖော်ဆော်မပေးနိုင်ရင် ခေတ်မှီ‌စစ်လက်နက်တွေရှိသော်ငြားလည်း တိုက်ခိုက်ရေးကောင်းတပ်တစ်ခုဖြစ်လာမှာမဟုတ်ဘူး၊ တိုင်းရင်းသားတပ်သားတွေကို ရာထူးမြင့်မြင့်ပေး၊များများစည်းရုံးပြီး လွတ်လပ်ရေးခေတ်အစပိုင်းမှာလိုရှိခဲ့တဲ့ တပ်တွင်းစိတ်ဓာတ်လိုပုံစံမျိုးပြန်ဖော်ဆောင်ဖို့လို‌နေပြီ"လို့ ဝေဖန်ခဲ့ကြတယ်။


ဒါကြောင့် ဒီကိစ္စတွေမဖြစ်ခင်ကတည်းက စစ်တပ်ဟာ အတော်ကိုကသောင်းကနင်းနိုင်နေတယ်လို့ပြောလို့ရတယ်။ ဒီလိုတွေဖြစ်နေလို့လည်း မနက်၀င်တိုက် ညစခန်းကျဆိုတာမျိုးတွေဖြစ်လာတာ။ အခုဆိုရင် ဘယ်လိုပုံစံတွေအထိပါရောက်လာသလဲဆို တိုက်ပွဲစဖြစ်ပြီဆိုတာနဲ့ စစ်ကောင်စီရဲ့တပ်သားတွေက စခန်းစွန့်ပြီးပြေး၊ ‌‌လွတ်ရာရောက်မှ လက်နက်ကြီးနဲ့ပြန်ပစ်၊ မနက်ကျရင် လေယာဉ်နဲ့လာတိုက် စသဖြင့် မြေပြင်တပ်သားတွေရဲ့တိုက်ခိုက်ရေးစွမ်းရည်က လုံး၀ကိုစုတ်ပြတ်သတ်နေပြီ။ ဒါတွေဟာ စစ်သားတွေရဲ့ သေရဲ၊တိုက်ရဲရမယ်ဆိုတဲ့ စိတ်ဓာတ်တွေမရှိလို့ အခုလိုဖြစ်နေတာ။ ဒါကြောင့်လည်း စစ်သည်တွေရဲ့ခံယူချက်ဟာ တိုက်ပွဲတစ်ခုမှာအရေးပါတယ်လို့ပြောရတာဖြစ်တယ်။ တိုင်းရင်းသားတပ်တွေက တစ်ဖွဲ့ချင်းစီအလိုက်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်တွေအားလုံးကို မူဝါဒအရစုပေါင်းထားတဲ့ တပ်ပေါင်းစုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖွဲ့စည်းပုံအရ တိုင်းရင်းသားတပ်တွေအားလုံးကိုစုစည်းတည်ထောင်ထားတဲ့ ဖက်ဒရယ်အာမီပဲဖြစ်ဖြစ်၊ နောက်ဆုံး CRPHကအသစ်ထူထောင်မယ့် လက်နက်ကိုင်တပ်ဖွဲ့အသစ်ပဲဖြစ်ပါစေအုံး အဲ့ဒီလိုမျိုးတိုက်ခိုက်ကြမယ့်အဖွဲ့တွေဟာ စစ်ကောင်စီတပ်သားတွေထက် စိတ်ဓာတ်ရေးရာနဲ့ခံယူချက်ရေးရာမှာ ပိုမိုမြင့်မားတယ်ဆိုတာ ယုံမှားသံသယရှိစရာမလိုဘူး။ ကျွန်တော်တို့ဟာ လွတ်လပ်ခြင်း၊တရားမျှတခြင်း၊မတရားမှုကို တွန်းလှန်ခြင်း စတဲ့အခြေခံအချက်တွေပေါ်မူတည်ပြီး တိုက်ပွဲကိုပုံသဏ္ဍန်ဖော်တာဖြစ်တယ်။ ဒါပေမဲ့စစ်တပ်ဘက်ကတော့ သူရဲ့လူအင်အားနဲ့ပစ်အားကိုမူတည်ပြီး တိုက်ပွဲကိုပုံဖော်ကြလိမ့်မယ်။ ဒါပေမဲ့ ချို့ယွင်းနေတဲ့စစ်သည်ခံယူချက်နဲ့စိတ်ဓာတ်ရေးရာကြောင့် မြေပြင်အခြေအနေကို သူလိုသလို အလုံးစုံ ဥသုန်ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် ကိုယ်တွေဘက်မှာရှိနေတဲ့ စိတ်ဓာတ်ရေးရာနှင့်စိတ်ပိုင်းဆိုင်ရာခံယူချက်တွေဟာ ဒီတော်လှန်ရေးကြီးရဲ့ အားသာချက်ဆိုတာကိုလည်း မေ့ထားလို့မရဘူး။


ပြည်သူဘက်ကရပ်တည်မယ့်အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေထက် ပိုမိုစိတ်ဓာတ်ပြင်းထန်ပြီး သေရဲကြပါတယ်၊တိုက်ရဲကြပါတယ်။ အဲ့ဒါဟာ ဘာကြောင့်လဲမေးရင် ကုလသမဂ္ဂအစည်းအဝေးမှာ ချေဂွေဗားရားပြောခဲ့သလိုပါပဲ "အမိမြေ သို့မဟုတ် သေခြင်းတရား" .... credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page