စစ်ဆင်ရေး
- Revolution 4.0
- Apr 11, 2021
- 1 min read

ကြားရတဲ့သတင်းတွေအရတော့ KNUကော KIAကောက စစ်တပ်ရဲ့စခန်း ငါးခုလောက်ကို တစ်ပြိုင်တည်း၀င်သိမ်းတာလို့ကြားတယ်။ ဒါပေမဲ့ စခန်းတစ်ခုလောက်ပဲ သိမ်းလို့ရပြီး ကျန်တဲ့စခန်းတွေကိုသိမ်းတာတော့ မအောင်မြင်ပဲ ပြန်ဆုတ်ခဲ့ရတယ်လို့ ပြောတယ်။ အခုဆို စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNU တပ်မဟာ ၅ဆိုရင် သတင်းတွေတောင်သိပ်မတတ်တော့ဘူး။ ကျွန်တော်အမြဲတမ်း သံသယရှိနေတာက KNU ဗဟိုကော်မတီရယ်၊ KNUတပ်မဟာ ၅ရယ် တပ်မဟာ ၄ရယ်။ ခုချိန်ထိ အင်တာဗျုးတွေကိုကြည့်လိုက်တိုင်း တပ်မဟာ ၅က ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းပဲတွေ့ရတယ်။ KNUဗဟိုကော်မတီ၀င်တွေရဲ့ သဘောထားနဲ့ပတ်သတ်ပြီးကတော့ ခုချိန်ထိရှင်းရှင်းလင်းလင်းမရှိသေးဘူး။ တပ်မဟာ ၅က KNUဆိုတဲ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုဘူး။ ဗဟိုကော်မတီ၀င်တွေကသာ KNUတစ်ခုလုံးကို ကိုယ်စားပြုတယ်။ တပ်မဟာ ၅တို့ တပ်မဟာ ၄တို့ဆိုတာ NCAထိုးကတည်းက စစ်တပ်ကိုအယုံအကြည်ရှိခဲ့တာမဟုတ်ဘူး။ NCAထိုးထားတဲ့ကာလတစ်ခုလုံး စစ်တပ်နဲ့KNUတိုက်ပွဲဖြစ်ပြီဟေ့ဆိုပြီးကြည့်လိုက်ရင် တပ်မဟာ ၅ နဲ့ တပ်မဟာ ၄ပဲ။ ကျန်တဲ့အဖွဲ့တွေနဲ့က ဖြစ်ခဲတယ်။ ဒါကြောင့် အခုလိုတိုက်ပွဲဖြစ်နေတာတွေနဲ့ ပတ်သတ်လို့ KNUဗဟိုကော်မတီ၀င်တွေရဲ့သဘောထားတွေ သိရဖို့လိုအပ်နေတယ်။
အခုဆို တပ်မဟာ ၅နယ်မြေထဲမှာ စစ်ဘေးရှောင် သောင်းချီရှိလာတော့ KNUက သတိကြီးကြီးထားပြီးလုပ်နေရတယ်။ KNUအနေနဲ့ သူ့လူထုကိုတော့ အထိခံမှာမဟုတ်ဘူး၊ ဒါကတော့ကျိန်းသေတယ်။ စစ်တပ်ရဲ့ ကရင်ပြည်သူလူထုအပေါ်ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေက တိုင်းရင်းသားတွေကို တပ်လှန့်လိုက်သလိုဖြစ်နေတယ်။ နောက်ပြီး ခွေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ရေးနှင့်စစ်ဆင်ရေး စွမ်းရည်ဟာလည်း တော်တော်လေးတိုးတတ်လာတာကို စစ်ရေးသုံးသပ်သူတွေက အံ့ဩနေကြတယ်။ တိုင်းရင်းသားေတွဘက်ကလည်း လေကြောင်းကာကွယ်ရေးပစ္စည်းတွေသုံးဖို့၊ အဓိကက ဒေသခံလူထုတွေ ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် စစ်ဆင်ရေးနည်းစနစ်တွေသုံးဖို့ကြိုးစားလာကြတယ်။ ဒါကြောင့်လည်း တိုက်ပွဲက အေးဆတ်ဆတ်ဖြစ်သွားဝာာ။ ဒါပေမဲ့ အဲ့ဒီလိုစစ်အေးကာလဟာ စစ်ပူဖြစ်ဖို့တာဆူနေတဲ့ကာလပဲ။ နှစ်ဖက်လုံးက တိုက်နေရာကနေ ရုတ်တရက် ရပ်လိုက်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရသွားတာမျိုးလည်းမဟုတ်ဘူးဆိုရင် အဲ့ဒါဟာ နောင်ဖြစ်လာမယ့် တိုက်ပွဲတွေဟာ ဒီထက့်ပြင်းထန်မယ့်သဘောပဲ။
အခုဆို ကရင်ပြည်၊ ကချင်ပြည်ကနေ ရှမ်းပြည်မြောက်ပိုင်းအထိပါ စစ်မျက်နှာတွေ တစ်ဖြည်းဖြည်းကျယ်ပြန့်လာတယ်။ အဓိကက ရှမ်းမြောက်မှာက လက်နက်ကိုင်အဖွဲ့တွေအများအပြားမို့လို့ အဲ့ဒီဒေသမှာစစ်မျက်နှာတစ်ခုဖွင့်လိုက်တာ စစ်တပ်အတွက်ကတော့ စစ်မျက်နှာအများကြီးကို ရင်ဆိုင်ရတာနဲ့အတူတူပဲ။ စစ်တပ်က လေကြောင်းတိုက်ခိုက်ရေးတင်မဟုတ်ဘူး မြေပြင်မှာပါ ဖျက်အားပြင်း စစ်ဆင်ရေး ဒုံးလက်နက်တွေရှိတယ်။ စစ်တပ်က ပြည်တွင်းမှာထုတ်မသုံးသေးတဲ့ တစ်မိနစ်ကို အတွဲလိုက်ပစ်ဒုံးကျည် ၁၂၀အထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ multi-rocketစနစ်ပါ စစ်ဆင်ရေးယာဉ်တွေလည်းရှိတယ်။ ဒီလိုလက်နက်တွေထုတ်သုံးလာရင် အရင်ဆုံးအထိနာမှာက လူထုပဲ။ ဒါကြောင့် ဒီလက်နက်တွေ တိုင်းရင်းသားဒေသမရောက်ခင် မြေပြန့်ကလူတွေက စစ်အခြေစိုက်စခန်းတွေကို ကြိုတင်ဖျက်ဆီးပေးနိုင်ရင်ကောင်းမယ်။ မဟုတ်ရင် အကျိုးဆက်က ဘာဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့တောင်မရအောင်ပဲ။
နောက်ဆုံးအနေနဲ့ အရေးကြီးတာက အိမ်နီးချင်းနိုင်ငံတွေပဲ။ နိုင်ငံရေးအရ စစ်ကောင်စီကိုထောက်ခံတာဟာ လူစိတ်မရှိဘူးဆိုပေမယ့် သိပ်ပြီးလည်းအပြစ်မပြောလိုဘူး။ ဘာလို့ဆို သူတို့တိုင်းပြည်မှာလည်း သူတို့အကျိုးရှိတယ်ဆိုတာကို နားလည်လက်ခံပေးလို့ရတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေကို အိမ်နီးချင်းနိုင်ငံတွေက စစ်ရေးအရကူညီတာမျိုးဆိုရင်တော့ တော်တော်ယုတ်မာရိုင်းစိုင်းတာမျိုးဖြစ်သွားပြီ။ ဥပမာ - တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ဌာနချုပ်ကို၀င်တိုက်ဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်နမိတ်တွေကို စစ်ဆင်ရေးအတွက်ယူသုံးတာမျိုး။ ဗကပရဲ့ဌာနချုပ်ဖြစ်တဲ့ မိုးကုံးဌာနချုပ်ကျသွားတုန်းကလည်း တရုတ်က သူ့နိုင်ငံထဲကနယ်မြေအချို့ကို စစ်တပ်အတွက် စစ်ဆင်ရေးလုပ်ဖို့ ပေးသုံးဖူးတယ်။ SSPPရဲ့ ၀မ်ဟိုင်းဌာနချုပ်ကျသွားတုန်းကလည်း ထိုင်းက သူ့နယ်မြေအချို့ကို စစ်တပ်အတွက်ပေးသုံးခဲ့တယ်။ အခုတစ်ခါမှာလည်း ဒါမျိုးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ ထိုင်းတို့ တရုတ်တို့ကလည်း အခုတစ်ခါမှာ တိုင်းရင်းသားတပ်ဖွဲ့ရဲ့ဌာနချုပ်တွေစစ်ဆင်ရေးလုပ်ဖို့ စစ်တပ်ကို သူတို့်နယ်မြေတွေ ပေးသုံးမယ်ဆိုရင် အတော်ကို လူမဆန်ပြီး လက်ခံနိုင်စရာမရှိဘူး ပြောရမယ်။
တချက်သတိထားရမှာက တိုင်းရင်းသားတပ်တွေဟာ ဗဟိုကဦးစီးလှုပ်ရှားနေတာထက် တပ်မဟာ တစ်ခုချင်းစီကပဲ သီးသန့်လှုပ်ရှားနေတယ်ဆိုတဲ့ ပုံစံမျိူးဖြစ်နေတယ်။ သူတို့ဟာ တစ်ခုခုကိုစောင့်ဆိုင်းနေတာလား၊ တစ်ခုခုကိုပြင်ဆင်နေတာလားဆိုတာတော့ တစ်ဦးချင်းအမြင်အရ ခုထက်ထိ ခွဲခြားလို့မရသေးဘူး။ ဒါပေမဲ့ စစ်မျက်နှာများများဖွင့်နိုင်တာက စစ်စခန်းများများသိမ်းနိုင်တာထက် ပိုအကျိုးရှိတယ်။ တိုင်းရင်းသားတပ်တွေအနေနဲ့ စစ်မျက်နှာများများမဖွင့်နိုင်ပဲ စခန်းတွေအများကြီးသိမ်းနိုင်လည်း တစ်လ နှစ်လထက် ပိုမသိမ်းနိုင်ဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အင်အားတွေပြန့်ကြဲသွားအောင် စစ်မျက်နှာများများဖွင့်နိုင်ရင်တော့ အသက်ရှုချောင်တယ်လို့ပြောလို့ရတယ်။ အဓိကက လူထုမနာဖို့ပဲ။ လူထုကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ကာကွယ်ဖို့ ကြိုတင်အစီမံတွေက အရေးကြီးတယ်။ ဒေသခံလူထုတွေအတွက်ကိုတော့ အထူးစဉ်းစားစေချင်တယ်။ credit for photo
Comments