top of page

တရုတ်ဘာကိုရွေးမလဲ

  • Writer: Revolution 4.0
    Revolution 4.0
  • Apr 9, 2021
  • 1 min read

မြန်မာပြည်နဲ့ပတ်သတ်ပြီး တရုတ်ရဲ့မူဝါဒကိုပြောမယ်ဆိုရင် အရမ်းရှုပ်ထွေးတယ်။ တရုတ်ပြည်က နိုင်ငံတစ်ခုနဲ့ဆက်ဆံတဲ့အခါ ပါတီ ပါတီချင်းဆက်သွယ်ဖို့ မူဝါဒက တစ်ခု၊ အစိုးရ အစိုးရချင်း ဆက်သွယ်ဖို့ မူဝါဒက တစ်ခု၊ ပြည်သူ ပြည်သူချင်း ဆက်ဆံရမယ့် မူဝါဒကတစ်ခု စသဖြင့် ကဏ္ဍသုံးခုခွဲပြီး ဆက်ဆံဆွေးနွေးလေ့ရှိတယ်။ အစိုးရ အစိုးရချင်းဆက်ဆံရတဲ့အခါ တရုတ်ပြည်ဟာ ဒီမိုကရေစီအစိုးရ NLDဘက်ကို အနည်းငယ်အလေးသာသယောင်ထင်ရတယ်။ ဥပမာ - ၂၀၁၅မတိုင်ခင်တုန်းက ဒေါ်စုကို တရုတ်ပြည်ဖိတ်ပြီး ကော်ဇော်နီခင်းပြီးကြိုဆိုခဲ့တာဟာ တရုတ်ပြည်သမိုင်းမှာ အင်မတန်ကိုမှ အံ့ဩဖွယ်ရာဆက်ဆံရေးတစ်ရပ်ဖြစ်တယ်။ တရုတ်ပြည်အနေနဲ့ မည်သည့်အရပ်သားပုဂ္ဂိုလ်ကိုမှ ဒီလိုမျိုးတရား၀င်ဆွေးနွေးပွဲမှာ ကော်ဇော်နီခင်းပြီး မကြိုဆိုခဲ့ဖူးလို့ပဲ။ တရုတ်ပြည်ဟာ အစိုးရချင်းဆက်ဆံဆွေးနွေးရတဲ့အခါ ပေကျင်းအစိုးရဟာ နေပြည်တော်ကအစိုးရနဲ့ သင့်သင့်မြတ်မြတ်ဖြစ်ဖို့ အထူးလိုလားတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ ပါတီချင်းဆက်ဆံရမှာတော့ တရုတ်ကွန်မြူနစ်ပါတီဟာ နေပြည်တော်အစိုးရထက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့သာ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်တယ်။ ဥပမာ - UWSA၊ MNDAA။ ဒါကြောင့် မြန်မာပြည်နဲ့ပတ်သတ်တဲ့ တရုတ်မူဝါဒဟာ တော်တော်လေးကိုမှ သတိထားဆက်ဆံ‌ရမယိ့ အနေအထားမျိုးဖြစ်နေတယ်။

မြန်မာပြည်ဟာ တရုတ်ပြည်အပေါ်မှာ သမိုင်းကြောင်းအရ ကျေးဇူးရှိခဲ့ဖူးတယ်။ အဲ့ဒါက တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတည်ထူထောင်ချိန်မှာ ကုလသမဂ္ဂမှာ တရုတ်ပြည်ကိုထောက်ခံမဲပေးခဲ့တဲ့ ကွန်မြူနစ်မဟုတ်တဲ့ပထမဆုံးနိုင်ငံဟာ မြန်မာပြည်ပဲ။ နောက်ပြီး လုံခြုံရေးကောင်စီမှာလည်း ဗီတိုအာဏာကို တရုတ်ပြည်ရသင့်တယ်ဆိုပြီး ထောက်ခံမဲပေးခဲ့တာလည်း မြန်မာပဲ။ ဒါကြောင့် သမိုင်းကြောင်းတစ်လျှောက် တရုတ်ပြည်ကချည်း မြန်မာကိုကျေးဇူးပြုခဲ့တာမဟုတ်ပဲ၊ မြန်မာကျေးဇူးတွေကလည်း တရုတ်ပြည်အပေါ်မှာရှိခဲ့ဖူးတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ မြန်မာပြည်နဲ့ပတ်သတ်ရင် နက်နက်ရှိုင်းရှိုင်းနဲ့ စဉ်းစားကိုင်တွယ်တတ်လေ့ရှိတယ်။


မြန်မာပြည်ရဲ့ အခုလိုအခြေအနေမျိုးဟာ တရုတ်ပြည်ကို နိုင်ငံရေးဗျူဟာအရ ကောင်းကောင်း ခြိမ်းခြောက်အကျပ်ကိုင်တတ်ဖို့လိုတယ်။ CRPHအနေနဲ့ တရုတ်ကိုမေးရမှာက "ပြည်တွင်းစစ်တန်းလန်းနဲ့ သွေးထွက်သံယိုဖြစ်နေတဲ့ မြန်မာပြည်ကို ခင်ဗျားတို့လိုချင်လား၊ ဒါမှမဟုတ် အရပ်သားအစိုးရနဲ့ပူးပေါင်းပြီး တည်ငြိမ်တဲ့စီးပွားရေးကို အေးဆေးလုပ်မလား" ဒါပဲ မေးစရာရှိတယ်။ မြန်မာပြည်ပြည်တွင်းစစ်ဖြစ်မှာကို မလိုးလားဆုံးနိုင်ငံတွေကိုပြောပါဆိုရင် တရုတ်၊အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေက ထိပ်ဆုံးကပဲ။ မြန်မာပြည်သာ ပြည်တွင်းစစ်သွေးချောင်းစီးမယ်ဆို အရင်ဆုံးအထိနာမှာက တရုတ်ပြည်ပဲ။ မြန်မာပြည်ထဲရှိရှိသမျှ တရုတ်စီးပွားရေးတွေလည်း အကုန်ပျက်စီးမှာဖြစ်သလို၊ စစ်ဘေးကြောင့် တရုတ်ပြည်ထဲထွက်ပြေးမယ့် ဒုက္ခသည်ဦးရေကလည်း သန်းနဲ့ချီပြီး ရှိနေလိမ့်မယ်။ အဲ့ဒီ ဒုက္ခသည်တွေသာ တရုတ်ပြည်ထဲရောက်လာရင် တရုတ်အစိုးရဟာ အလွန်ကိုခေါင်းနပန်းကြီးစရာ ကိစ္စတစ်ခုကို ကိုင်တွယ်ရတော့မှာပဲ။ ဘာလို့ဆို အဲ့ဒီတရုတ်ပြည် နယ်စပ်တစ်လျှောက်မှာရှိနေတဲ့ ဒုက္ခသည်တွေကိုအကြောင်းပြုပြီး အနောက်ဩဇာလွှမ်းတဲ့ လူသားချင်းဆိုင်ရာကူညီမှူအဖွဲ့တွေက တရုတ်ပြည်အနီးနားရောက်ရှိလာမှာဖြစ်ပြီး တရုတ်နိုင်ငံရေးစနစ်ကို မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်မယ့်အဖွဲ့အစည်းမျိုးတွေဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးတွေကို ဘေးကျင်းအစိုးရက အထူးစိုရိမ်တယ်။ ဒါကြောင့်လည်း တရုတ်က မြန်မာပြည်အရေးကို ဥပဒေဘောင်ထဲကအဖြေရှာဖို့၊ တည်တည်ငြိမ်ငြိမ်ဆွေးနွေးကြဖို့ပဲ အမြဲတိုက်တွန်းနေတာ။ မဟုတ်လို့ကတော့ မြန်မာပြည်အကြောင်းပြုပြီး တရုတ်ပြည်ပါ ပျက်စီးခြင်းငါးပါးဆိုက်ရမယ့် အခြေအနေမျိုးပဲ။


ဒါကြောင့်လည်း တရုတ်ပြည်မှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်။ ပြည်တွင်းစစ်ကြောင့် ယမ်းငွေ့တထောင်းထောင်းထနေတဲ့ မြန်မာပြည်အခြေအနေကိုလိုချင်လား၊ ဒါမှမဟုတ် အရပ်သားအစိုးရနဲ့ပူးပေါင်းပြီး တည်ငြိမ်တဲ့စနစ်အောက်မှာ စီးပွားရေးလုပ်မလား။ တရုတ်ပြည်ရဲ့ ရွေးချယ်မှုဟာ မြန်မာပြည်အတွက် အထူးစိတ်၀င်စားစရာပါပဲ။ credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page