top of page

ဖက်ဒရယ်ရေးရာ

  • Writer: Revolution 4.0
    Revolution 4.0
  • Apr 8, 2021
  • 2 min read


နှစ်ပေါင်း ၇၀ကျော် ဆွေးနွေးငြင်းခုန်ခဲ့ကြရသော "ဖက်ဒရယ်"ဆိုသည့်ဝေါဟာရသည် ယခုအခါ တိုင်းရင်းသားအင်အားစုများနှင့် ဗမာအင်အားစုများအကြား နိုင်ငံရေးအရ ပုံဖော်တည်ဆောက်ရမယ့် ခေတ်သစ်နိုင်ငံတော်တစ်ရပ်၏ မျှော်ရည်ချက်ဖြစ်ကြောင်းကို နားလည်လက်ခံလာကြသည်။ သို့သော် ဖက်ဒရယ်အခြေခံစနစ်အပေါ်တွင် တိုင်းပြည်တည်ဆောက်ရေးလုပ်နည်းလုပ်ဟန်အပေါ်မူတည်၍ ဗမာအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအကြား သီအိုရီဆန်ဆန်သဘောထားကွဲလွဲမှုများကတော့ ယခုထိတိုင် မပြီးပြတ်နိုင်သေးသည့် နိုင်ငံရေးငြင်းခုန်မှုတစ်ရပ်ဖြစ်နေသေးသည်။


အစိုးရနှစ်ရပ်ကြား အာဏာခွဲဝေမှုသည် ဖက်ဒရယ်စနစ်၏အနှစ်သာရဖြစ်ပြီး သေချာအနုစိတ်ခွဲကြည့်လျှင် ဖက်ဒရယ်စနစ်ကိုပင် အမျိုးအစား သုံးမျိုးရှိသည်ဟု ၍ ထပ်မံပိုင်းခြားသတ်မှတ်လို့ရသည်။ ယင်းတို့မှာ

၁။ Coming Together ( အတူယှဉ်တွဲနေထိုင်ခြင်း)

၂။ Holding Together ( အတူပေါင်းစည်းနေထိုင်ခြင်း)

၃။ Putting Together ( အင်အားသုံး စုစည်းနေထိုင်ခြင်း)တို့ဖြစ်သည်။

ထိုအမျိုးအစားသုံးခုထဲတွင် Putting Together Federalအမျိုးစားသည် ဆိုဗီယက်ယူနီယမ်နှင့်ယူဂိုဆလားဗီးလားတို့ ကျင့်သုံးသော ဖက်ဒရယ်အမျိုးအစားဖြစ်ခဲ့ပြီး ယခုအခါတွင် Putting Togetherနည်းနာအရ စုစည်းထားသော ပြည်ထောင်စု၍ မရှိတော့ချေ။ Putting Togetherဆိုသည်ကို စေ့စပ်ညှိုနှိုင်း၍ဖွဲ့စည်းသော ပြည်ထောင်စုဟူ၍ တစ်ချို့က အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ သို့သော် တစ်ကယ်လက်တွေ့တွင် ပြည်နယ်များကို စစ်ရေးအင်အား သို့မဟုတ် စီးပွားရေးအင်အားအရ အင်အားသုံးခြိမ်းခြောက်ပြီး ပြည်ထောင်စုအဖြစ်စုဖွဲ့လိုက်ခြင်းသာဖြစ်သည်။ ဆိုဗီယက်ပုံစံ Putting Togetherဖက်ဒရယ်သည် သီအိုရီအရကြည့်လျှင် လွတ်လပ်ခွင့်အပြည့်ရှိသော ဖက်ဒရယ်စနစ်တစ်ခုဖြစ်ပြီး တစ်ချိန်က မြန်မာပြည်နိုင်ငံရေးသမားများနှင့် တိုင်းရင်းသားလူမျိုးများ၏ သည်းခြေကြိုက်ဖက်ဒရယ်စနစ်ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆိုဗီယက်ယူနီယမ်၏ အခြေခံဥပဒေတွင် "ပြည်နယ်များသည် ပြည်ထောင်စုနှင့် လာရောက်ပေါင်းစည်နိုင်သလို၊ အကယ်၍ ပေါင်းစည်းလိုခြင်းမရှိပါကလည်း တစ်သီးတစ်ခြားအချုပ်အခြာအာဏာပိုင် နိုင်ငံများအဖြစ်လွတ်လပ်စွာရပ်တည်နိုင်သည်"ဟု ဖော်ပြထားသည်။ ထို့အပြင် ပြည်ထောင်စုနဲ့ပေါင်းစည်းပြီးနောက် အကျိုးစီးပွားခြင်းမတူ၍ ခွဲထွက်လိုပါကလည်း လွတ်လပ်စွာ ပြန်လည်ခွဲထွက်ခွင့်ဟူ၍လည်း ထည့်သွင်းပြဌာန်းပေးထားသည်။ ထို့ကြောင့် သီအိုရီအရကြည့်လျှင် ဆိုဗီယက်ဖက်ဒရယ်ပုံစံသည် အင်မတန်ကိုမှ လွတ်လပ်၍တရားမျှတမှုရှိသည်ဟု ထင်ရသည်။ သို့သော် လက်တွေ့တွင် ဂျော်ဂျီယာက ခွဲထွက်မည်ဟုဆိုသောအခါ တပ်နီတော်နှင့်သာ ရှင်းပစ်လိုက်သည်။


လက်ဝဲဩဇာအားကောင်းခဲ့သော မြန်မာပြည်တွင်

ဆိုဗီယက်ဖက်ဒရယ်မှ "ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်"ကို မြန်မာနိုင်ငံရေးသမားအများစုက သဘောကျနှစ်ခြိုက်ခဲ့ကြသည်။ သို့သော် တစ်ကယ့်လက်တွေ့တွင် စာရွက်များပေါ်တွင်သာရှိသော လွတ်လပ်ခွင့်ဖြစ်ပြီး၊ မြေပြင်မှာ တစ်ကယ်ခွဲထွက်မည်ဆိုသောအခါ ဆိုဗီယက်တို့အနေဖြင့် တပ်နီတော်နဲ့သာရှင်းပစ်လိုက်သည်က များသည်။ ထို့ကြောင့်လည်း Putting Togetherဖက်ဒရယ်စနစ်သည် သီအိုရီအရသာအနှစ်သာရပြည့်၀ခဲ့ပြီး၊ လက်တွေ့တွင်ပြသာနာများကို အင်အားသုံးဖြေရှင်းလိုက်သည်ကများသောကြောင့် ထိုစနစ်အရ စုစည်းထားသော ဆိုဗီယက်ယူနီယမ်ရော၊ ယူဂိုဆလားဗီးယားပါ အစိတ်စိတ်အမွှာမွှာပြိုကွဲခဲ့ရသည်။ ယခုခေတ်တွင် Putting Togetherအရစုစည်းထားသော ပြည်နယ်များမရှိတော့သော်လည်း မြန်မာနိုင်ငံရေးအများစုကတော့ ဆိုဗီယက်ဖက်ဒရယ်ကို သံယောဇဉ်ပြတ်ဟန်မတူကြပေ။ တိုင်းရင်းသားလက်နက်ကိုင်များ ယခုချိန်ထိ ဆွဲကိုင်ထားသော "ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်"အဆိုသည် ဆိုဗီယက်ယူနီယမ်မှ အမွေဆက်ခံထားသော အငွေ့အသက်ပင်ဖြစ်သည်။ သို့သော် ၁၉၉၈နောက်ပိုင်းတွင် တစ်ချို့တိုင်းရင်းသားမျာသည် "ခွဲထွက်ခွင့်"ဆိုသည့်အခွင့်အရေးကို လမ်းစဉ်အရ ကျောခိုင်းနှုတ်ဆက်ခဲ့ကြပြီး မူအားဖြင့်သာကိုင်စွဲထားကြတော့သည်ဆိုတဲ့ အသံများလည်းကြားသိရသည်။

Coming Together နှင့် Holding Togetherကိုလေ့လာမည်ဆိုလျှင် ယင်းတို့၏ ဖြစ်ပေါ်လာပုံနောက်ခံသမိုင်းကြောင်း၊ အာဏာခွဲဝေခြင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ စသည့်အခြေခံအချက်‌သုံးချက်အပေါ်မူတည်၍ ပြောဆိုဆွေးနွေးကြလေ့ရှိသည်။

Coming Together (အတူယှဉ်တွဲနေထိုင်ခြင်း)

ကမ္ဘာပေါ်တွင် Coming Together ဖက်ဒရယ်စနစ်ကို အသုံးပြုနေသော နိုင်ငံများမှာ မေရိကန်နှင့်ဘရာဇီးနိုင်ငံတို့ဖြစ်သည်။


ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း

Coming Together၏နောက်ခံသမိုင်းကြောင်းကိုပြန်ကြည့်မည်ဆိုလျှင် မေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်ကို ပြန်လည်လေ့လာရမည်ဖြစ်သည်။ ဖက်ဒရယ်စနစ်ကိုအခြေပြုတည်ဆောက်ခဲ့သော မေရိကန်နိုင်ငံသည် ဆန့်ကျင်ဘက်အယူအဆနှစ်ခုကို ညှိုနှိုင်းရာမှထွက်ပေါ်လာသော ပြည်ထောင်စုစနစ်ဖြစ်သည်။ ထိုအချိန်က မြောက်ပိုင်းပြည်နယ်များကို "Federalist"ဂိုဏ်းဟုခေါ်ဆိုပြီး၊ တောင်ပိုင်းပြည်နယ်များကို "‌Anti-Federalist"ဂိုဏ်းဟုခေါ်ဆိုကြသည်။ သဘောမှာ မြောက်ပိုင်းပြည်နယ်များက ဖက်ဒရယ်စနစ်ဖြင့် နိုင်ငံတော်တည်ဆောက်ရန်အဆိုပြုပြီး၊ တောင်ပိုင်းပြည်နယ်များကတော့ ကွန်ဖက်ဒရေးရှင်းဖြင့်သာနိုင်ငံကိုတည်ဆောက်လိုသည်။ ထိုအခါ မတူညီတဲ့အယူအဆနှစ်ခုကိုညှိုနှိုင်းကြရာမှ နောက်ပိုင်းတွင် တောင်ပိုင်းပြည်နယ်ခေါင်းဆောင်များက မိမိတို့တောင်းဆိုချက်ကို မလိုက်လျောနိုင်လျှင် မြောက်ပိုင်းပြည်နယ်များဖြင့် မပူးပေါင်းနိုင်ဟုဆိုကာ အငြင်းအခုန်ဖြစ်လာကြသည်။ ထိုအခါ မြောက်ပိုင်းပြည်နယ် ခေါင်းဆောင်များက သဘောထားကြီးစွာ အလျော့ပေးစေ့စပ်ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့်လည်း မေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်အစိုးရများက ပြည်ထောင်စုအစိုးရများထက် လုပ်ပိုင်ခွင့်အာဏာကိုပိုမိုရရှိထားခြင်းဖြစ်သည်။


အာဏာခွဲဝေရေး

အာဏာခွဲဝေရာတွင် လူဦးရေကိုအခြေပြုသည့် အောက်လွှတ်တော်နှင့် လူမျိုးစုကိုအခြေခံသည့် အထက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ဖွဲ့စည်းထားသည်။ လူဦးရေကိုအခြေခံသော အောက်လွှတ်တော်သည် နိုင်ငံသားများ၏တစ်ဦးချင်းအခွင့်အရေးကို ကာကွယ်နိုင်ရန်အတွက် "လူတစ်ကိုယ် မဲတစ်မဲ"စနစ်ကို ကျင့်သုံးသည်။ ဥပမာ သမ္မတလည်း မဲတစ်မဲ၊ ဖိနပ်ချုပ်သမားလည်း မဲတစ်မဲသာ ‌ပေးရသည့်ပုံစံမျိုးဖြစ်သည်။ ထိုသို့ လူအများစုအခွင့်အရေးကို ကိုယ်စားပြုသော အောက်လွှတ်တော်ကြောင့် လူနည်းစု၏အခွင့်အရေးများ ပျောက်ကွယ်သွားမည်စိုး၍ လူနည်းစု၏အခွင့်အရေးများကို ကာကွယ်ရန် အထက်အလွှတ်တော်ကို ထပ်မံဖွဲ့စည်းရသည်။ အထက်လွှတ်တော်ကိုဖွဲ့စည်းရာတွင် လူဦးရေများသည်ဖြစ်စေ နည်းသည်ဖြစ်စေ၊ နယ်မြေကျဉ်းသည် ဖြစ်စေ ကျယ်သည်ဖြစ်စေ တူညီသော ကိုယ်စားလှယ်အရေအတွက်ကိုသာ အထက်လွှတ်တော်ကိုစေလွှတ်ရသည်။ ဥပမာ - လူဦးရေလည်းများပြား၍ နယ်မြေလည်းကျယ်၀န်းသော ကယ်လီဖိုးနီးယားပြည်နယ်က အထက်လွှတ်တော် အမတ် ၁၀ယောက်စေလွှတ်လျှင် လူဦးရေနည်း၍နယ်မြေကျဉ်းသော အလက်စကာပြည်နယ်ကလည်း အမတ်၁၀ယောက်သာ စေလွှတ်ရသည်။ ၁၉၉၀စာရင်းဇယားများအရ ဝူမင်းပြည်နယ်တွင် လူဦးရေ ၄သိန်းခွဲရှိ၍၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေ သန်း၃၀ရှိသည်။ သို့သော် ထိုပြည်နယ်နှစ်ခုလုံးက တူညီသောလွှတ်တော်အမတ်အရေအတွက်ကိုသာစေလွှတ်ရသည်။ ထိုအခါ အထက်လွှတ်တော်တွင် ဥ‌ပဒေကြောင်းအရ မဲခွဲဆုံးဖြတ်ကြသောအခါ ဝူမင်းပြည်နယ်လွှတ်တော်အမတ်တစ်ယောက်၏ မဲတစ်မဲသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ လွှတ်တော်အမတ် ၆၆ယောက်၏ မဲနှင့်ညီမျှနေသည်(လူဦးရေကိုအချိုးချသည်)။ ထို့ကြောင့် အထက်လွှတ်တော်သည် "လူတစ်ကိုယ် မဲတစ်မဲ"စနစ်မဟုတ်တော့ပဲ ကိုယ်စားပြုမှု အလွန်အကျွံ့များပြားနေသော စနစ်ဘက်သို့ယိမ်းယိုင်နေသည်။ ထိုအခါ လူအများစု၏ဆန္ဒများကို အထက်လွှတ်တော်ဖြစ်သော လူနည်းစုက ကဖျက်ကယက်လုပ်လာနိုင်စွမ်းရှိနေသည့်အပြင်၊ "လူတစ်ကိုယ် မဲတစ်မဲဆိုသည့်" ဒီမိုကရေစီ၏အခြေခံအချက်နှင့်လည်း အနည်းငယ်ဆန့်ကျင့်ဘက်ဖြစ်နေသည်။ ထို့ကြောင့် Coming Together Federalစနစ်ကို "ဘောင်ခတ် ဒီမိုကရေစီ"ဟုလည်း ခေါ်ဝေါ်ကြသည်။


ဖွဲ့စည်းပုံ

Coming Together Federalစနစ်သည်ဖွဲ့စည်းပုံအရကြည့်လျှင် ပြည်နယ်အားလုံး တန်းတူညီမျှစွာ တူညီသောလုပ်ပိုင်ခွင့်ကိုရရှိသောကြောင့် "အချိုးညီ ဖက်ဒရယ်စနစ်"ဟုခေါ်ဆိုသည်။

ထို့ကြောင့် Coming Together ဖက်ဒရယ်စနစ်သည် ဆန့်ကျင့်ဘက်အဖွဲ့နှစ်ခုကြား ညှိုနှိုင်းရာမှ ပေါ်ပေါက်လာသောစနစ်တစ်ခုဖြစ်ပြီး၊ ပြည်နယ်များက လုပ်ပိုင်ခွင့်အာဏာပိုမိုရရှိသော ဖွဲ့စည်းပုံဖြစ်သည်။ အားသာချက်မှာ ပြည်နယ်များက လုပ်ပိုင်ခွင့်အာဏာပိုမိုရရှိသည့်အပြင်၊ လူနည်းစုများစုကလည်း ၎င်းတို့အခွင့်အရေးကိုအပြည့်အ၀ကာကွယ်ပိုင်ခွင့်ရှိသည်။ သို့သော် အားနည်းချက်မှာ လူများစု၏ဆန္ဒကိုဘောင်ခတ်ကန့်သတ်ထားသောကြောင့် ဒီမိုကရေစီအားနည်းနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်မြန်မာပြည်တွင် Coming Togetherကို လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားလူမျိုးများက ပို၍နှစ်သက်လိုလားပြီး၊ လူများစုဖြစ်တဲ့ ဗမာနိုင်ငံရေးသမားများနှင့်စစ်တပ်ကတောာ့ Coming Together Federalစနစ်ကို သိပ်မနှစ်မြို့ချေ။ credit for photo

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page