အင်အားချိန်ခွင်လျှာ ၄
- Revolution 4.0
- Mar 30, 2021
- 2 min read

နိုင်ငံရေးတွင် ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတဲ့ ကိန်းသေသဘောတရားတွေရှိသလို၊ ဘာဖြစ်နိုင်မှန်းမသိနိုင်သည့် အခြားသက်ရောက်နိုင်သော ကိန်းရှင်သဘောတရားများလည်းရှိသည်။ ယင်းတို့ကို အိတ်စ်ဖက်တာ(x factors)ဟု ခေါ်သည်။ သဘောမှာ ဒီအကျိုးတရားကိုလိုချင်၍ ဒီအကြောင်းတရားလုပ်ခဲ့သော်လည်း မျှော်မှန်းတွက်ဆမထားသော အကြောင်းအရာတစ်ခုက ကြား၀င် သက်ရောက်လာသောအခါ မျှော်မှန်းထားသည့်ရလာဒ်မျိုးထွက်ပေါ်မလာတော့ပဲ မမျှော်လင့်ထားသော အကျိုးတရားများသာထွက်ပေါ်လာတော့သည်။ ထိုကြောင့် နိုင်ငံရေးတွင် ကြား၀င်သက်ရောက်နိုင်သော ကိန်းရှင်သဘောတရားများကိုလည်း မေ့မထားအပ်ပေ။
မြန်မာနိုင်ငံရေးသည်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုသည့် ပျော့ပြောင်းညင်သာသည့် ကိန်းသေသဘောတရားပေါ်တည်ဆောက်ခဲ့သော်လည်း အရပ်ဘက်-စစ်ဘက်ဆံရေးဆိုသည့်သဘောတရားများ က အနှုတ်လက္ခဏာပြခဲ့သဖြင့် အပြုသဘောမဆောင်သော ကိန်းရှင်အကြောင်းတရားများစွာ ပေါ်ပေါက်လာပြီး နောက်ဆုံးတွင်စစ်ဘီလူးများ၏ ရမ်းကားအနိုင်ကျင့်ခြင်းကို ခံခဲ့ကြရသည်။ ထိုကြောင့် ကိန်းရှင်များ၏လှုပ်ရမ်းနိုင်စွမ်း သက်ရောက်နိုင်စွမ်းကို ကိန်းသေသဘောတရားများကဒူပေဒါပေခံနိုင်ရည်ရှိဖို့လည်း လိုအပ်သည်။မြန်မာပြည်သည်သာ မငြိမ်မသက်၊ပဋိပက္ခပြင်းထန်သော နိုင်ငံတစ်ခုဖြစ်လာလျှင် အများမျှော်မှန်းထားသည်က ပြည်တွင်းစစ်၊ အာဆီယံဒေသတွင်းမငြိမ်မသက်မှူများနှင့် အင်အားကြီးနိုင်ငံကြီးများ၏ အင်အားချိန်ခွင်လျှာကစားပွဲများဖြစ်သည်။ ထို့နောက် မှောင်ခိုလမ်းကြောင်းများ၊ ဝိသမလောဘသားများ၏ ငွေမဲစီးဆင်းများအပြင် တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ကမ္ဘာ့ဘိန်းဈေးကွက်ကိုပါ တစ်ခေတ်ပြန်လည်မွေးဖွားနိုင်သည့်အခြေအနေမျိူးမှာပင်ရှိသည်။
ဒါ့အပြင် မြန်မာပြည်လုံခြုံရေးကဏ္ဍနှင့်ပတ်သတ်ပြီး လွန်ခဲ့သော် နှစ်အနည်းငယ်ကစ၍ နိုင်ငံတကာမှဝေဖန်ထောက်ပြဆွေးနွေးမှုများလည်းရှိနေသည်။ ထိုကိစ္စမှာ အခြားမဟုတ် မြန်မာပြည်သာ ယခုပုံစံအတိုင်း ပြည်တွင်းရေးရာကိစ္စများဖြင့် လုံးလည်ချာလည်လိုက်လာလျှင် သိပ်မကြာခင်နှစ်အနည်းငယ်အတွင်းမှာပင် မြန်မာပြည်သည် အရှေ့အလယ်ပိုင်းဒေသမှ ဆုတ်ခွာလာသော အကြမ်းဖက်အစွန်းရောက်ဝါဒီများ၏ ခြေကုပ်ယူရာ ဗဟိုချက်မဒေသလည်း ဖြစ်လာနိုင်သေးသည်ဆိုတဲ့ ခန့်မှန်းချက်များပင်ဖြစ်သည်။ ထို့ကြောင့် မငြိမ်မသက်ဖြစ်နေသော မြန်မာပြည်သည် အာရှဒေသတစ်ဝှမ်းကို အကြမ်းဖက်မှုများတင်ပို့သည့် ဗျူဟာမြောက်ရပ်၀န်းဒေသတစ်ခုဖြစ်လာနိုင်သည်။
ထိုသို့ခန်းမှန်းရသည်မှာလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းကဖြစ်ပွားခဲ့သည့် ISစစ်သွေးကြွခေါင်းဆောင် အဘူဘာကာအယ်ဘာဒါဒီကို မေရိကန်လေတပ်က ဆီးရီးယားတွင် ဒရုန်းဖြင့်လုပ်ကြံသတ်ဖြတ်လိုက်ခြင်းပင်ဖြစ်သည်။ အကျိုးဆက်ကား အရှေ့အလယ်ပိုင်းတွင် တည်ရှိနေသော ISဗဟိုချက်မသည်အင်အားချိနဲ့သွားသည်။ ထို့ကြောင့် ဥရောပမြေပေါ်တွင် ခြိမ်းခြောက်ရန်ပြုနေသော အကြမ်းဖက်မှုများတဖြည်းဖြည်းအင်အားနည်းပါးလာပြီး ၎င်းတို့၏အင်အားကိုနယ်မြေအသစ်တွင် ပြန်လည်စုရုံးမိဖို့ဖြစ်သည်။ ထိုအခါ အရှေ့အလယ်ပိုင်းတွင် မရှုမလှတိုက်ခိုက်ခံခဲ့ရသော ISများသည် သူတို့ရဲ့ အင်အားဗဟိုဌာနကိုပြန်လည်စုစည်းဖို့အတွက် နေရာအသစ်တစ်ခုရှာဖွေကြလာသည်။ ထိုအခါ ၎င်းတို့အတွက် မျက်စိကျစရာနေရာများက အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်တောအုပ်နှင့်မြန်မာပြည်အနောက်ဘက် ရခိုင်ဒေသတို့ ဖြစ်လာသည်။
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့အလယ်ပိုင်းတွင် ISများအားကောင်းစဉ်အခါက ISတပ်ဖွဲ့အတွက်လူသစ်များကို လေ့ကျင့်သင်ကြားစခန်းပေးရန်အတွက် အများဆုံးစုဆောင်းပေးရာ နိုင်ငံတစ်ခုဖြစ်သည်။ ထို့နောက် ISခေါင်းဆောင် အဘူဘာကာအယ်ဘာဒါဒီလုပ်ကြံသတ်ဖြတ်ခံလိုက်ရသောအခါ အရှေ့အလယ်ပိုင်းတွင် အင်အားပြိုကွဲသွားသော အကြမ်းဖက်သမားများက သက်ဆိုင်ရာ မိခင်နိုင်ငံအသီးသီးသို့ပြန်ရောက်လာခဲ့ကြသည်။ သို့သော် အမိမြေကိုချစ်သောစိတ်ဖြင့်ပြည်တော်ပြန်ခဲ့ခြင်းမဟုတ်။ အကြမ်းဖက်အခြေခံ အစွန်းရောက်အိုင်ဒီယာဖြင့် ပြည်တော်ပြန်လာခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် အင်ဒိုအစိုးရအနေဖြင့် အကြမ်းဖက်လုပ်ငန်းများကို အလျင်အမြန်တားဆီးရန်အတွက် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့များ၊ အရှင်ဖမ်းမိသည့် အကြမ်းဖက်သမားများကိုပြန်လည်ကုစားရန် လှုမှုရေးဆိုင်ရာပြန်လည်ပြုပြင်ရေးစခန်းများကို အများအပြားဖွင့်လှစ်ခဲ့သည်။ သို့သော်သိပ်မကြာခင် ရက်ပိုင်းအတောတွင်းကပင် ဘုရားကျောင်းတစ်ခုတွင် အကြမ်းဖက်သမားများက အသေခံ၀င်ရောက်ဗုံးဖောက်ခွဲသောကြောင့် အပြစ်မဲ့ပြည်သူ ၂၅ဦးထက်မနည်းသေဆုံးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည်လည်း မင်ဒါနာအိုဒေသအချို့တွင် မပြီးပြတ်သေးသော မူဆလင်လက်နက်ကိုင်အဖွဲ့များရှိသေးသည့်အပြင် မင်ဒါနာအိုဒေသကိုယ်တိုင်က မူဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေရာဖြစ်နေသည်။ ဒါ့အပြင် ဖိလစ်ပိုင်စစ်တပ်များ ထောက်လှမ်းဖို့ရာခက်ခဲသော ထူထပ်သိပ်သည်းသော ဖိလစ်ပိုင်တောအုပ်များကလည်း အစွန်းရောက်လက်နက်ကိုင်များအတွက် ခြေကုပ်ယူစရာကောင်း ဒေသတစ်ခုဖြစ်နေပြန်သည်။ ထို့ကြောင့် ISတို့အနေဖြင့် ဖိလစ်ပိုင်တောအုပ်ကိုမျက်စိကျသည်မှာ မဆန်းပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းသည် ၂၀၁၀ခုနှစ်များမတိုင်ခင်က ဆင်းရဲမွဲတေမှုနှင့်ပြည်မမှဗဟိုအစိုးရ၏ သယံဇာတဂုတ်သွေးစုပ်မှုကို ခါးစည်းခံစားနေရသော ပြည်နယ်တစ်ခုသာဖြစ်သည်။ သို့သော် ၂၀၁၀နောက်ပိုင်းတွင် တရားမမျှတမှုပေါင်းများစွာဖြင့် ဖိနှိပ်ခံနေရသော ရခိုင်လူထုထံမှ ကြိတ်မနိုင်ခဲမရ ဒေါသသံတွေလျှံကျလာသည်။ မဟာဗမာလူမျိုးကြီးဝါဒကို တွန်းလှန်နိုင်ရန် ရခိုင်အမျိုးသားရေးဝါဒတွေပြင်းထန်လာသည်။ ထို့နောက် "အာရကန်ဒရွင်း"ဆိုသည့် ရခိုင့်နိုင်ငံတော်ကို အတိတ်မှအမျိုးသားရေးလက္ခဏာများဖြင့်ပြန်လည်ချိတ်ဆက်ဖို့ကြိုးစားလာသည်။ သိပ်မကြာခင်မှာပင် ရခိုင်ပြည်နယ်တွင် သေနတ်သံများ သောသောညံ့ခဲ့သည်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဒေသခံရခိုင်လူထုနှင့် ပြောင်းရွှေ့လာသော သို့မဟုတ် အခြေကျနေထိုင်သော မူဆလင်လူထုကြားရှိ ပဋိပက္ခကလည်းပြင်းထန်လာသည်။ တစ်ဆက်တည်းမှာပဲ ARSAဆိုသည့် အကြမ်းဖက်အဖွဲ့အစည်းပေါ်ပေါက်လာသည်။ ထို့ကြောင့် ရခိုင်ပြည်သည် အလွန်ရှုပ်ထွေးနေသော ပဋိပက္ခဖြစ်ပွားရာ ဒေသတစ်ခုဖြစ်နေသည်။ ထိုသို့သော ရှုပ်ထွေးသောအခြေအနေများကြောင့် ရခိုင်ပြည်နယ်သည် နိုင်ငံတကာမှအထူးအလေးပေး အာရုံစိုက်ခံရသော ပြည်နယ်တစ်ခုဖြစ်လာသည်။ ထူးခြားသည်က နိုင်ငံတကာမှအဖွဲ့အစည်းများတင်မဟုတ်ပဲ ဆီးရီးယားတွင် အင်အားချိနဲ့နေသော ISများအတွက်ပါမျက်စိကျစရာနေရာဖြစ်လာသည်။ ထိုသို့ဖြစ်ရသည်မှာလည်း သူ့အကြောင်းအရင်းနှင့်သူရှိသည်။ ရခိုင်ပြည်မြောက်ပိုင်းသည် ပြည်တွင်းတွင် AAနှင့် ARSAဆိုသည့်အဖွဲ့အစည်းများကြောင့် အစိုးရယန္တာရားများလက်လှမ်းမမှီသည့်နေရာဖြစ်နေသည့်အပြင် နယ်စပ်နယ်မြေတစ်လျှောက်မှာလည်း ဘဂ်လားဒ့်ရှ်နှင့်ထိစပ်နေသည်။ အကြမ်းဖက်သမားများအနေဖြင့် မြန်မာပြည်နယ်စပ်ကို ဖင်ခွထိုင်ပြီး ခြေကုပ်ယူမည်ဆိုပါက မြန်မာပြည်ဘက်တွင် ARSAကိုမဟာမိတ်ပြုနိုင်ပြီး ဘဂ်လားဒ့်ေရှ်နိုင်ငံဘက်တွင် အစွန်းရောက်အတိုက်အခံပါတီကိုလည်း မဟာမိတ်ပြုနိုင်သည်။ အကြောင်းမှာ ဘဂ်လားဒ်ေရှ့်တည်ဆဲအစိုးရသည် လောကုတ္တရာမဖက် လောကီသက်သက်ဖြင့်အုပ်ချုပ်သောအစိုးရဖြစ်သည်။ သို့သော် ဘဂ်လားဒ်ေရှ့်အစွန်းရောက်အတိုက်အခံပါတီက တည်စဲအစိုးရကိုဆန့်ကျင်ပြီး နယ်စပ်ဒေသတွင်အကြမ်းဖက်မှုတစ်ချို့ကို လုပ်ဆောင်လျက်ရှိသည်။ ပထဝီအခြေအနေအရလည်း ဘဂ်လားဒ့်ရှ်စစ်တပ်အနေဖြင့် သူ၏နယ်စပ်ကိုအပြည့်အ၀လွှမ်းမိုးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ထိုသို့သော အကြောင်းအချက်များကိုသုံးသပ်ကြည့်ခြင်းအားဖြင့် မြန်မာပြည်သည် အလွန်ရှုပ်ထွေးပွေလှီသော ပြည်တွင်းစစ်တစ်ခုစတင်လျှင် အကြမ်းဖက်သမားများ ခြေကုပ်ယူရန်အတွက် အလွန်အချက်အချာကျသော အခြေအနေကောင်းတစ်ခုကို ဖန်တီးလိုက်သလိုဖြစ်သွားသည်။
ထိုအခါ မြန်မာပြည်ပဋိပက္ခသည် အာဆီယံအဆင့်တွင်ရှိသော ဒေသတွင်းမတည်မငြိမ်မှုများထက်ကျော်လွန်၍၊ အာရှတိုက်ကြီးတစ်ခုလုံးကိုပါ ခြောက်လှန့်နိုင်သော အကြမ်းဖက်အိုင်ဒီယာများတင်ပို့ရာ ရေခံမြေခံကောင်းတစ်ခုကိုဖြစ်လာနိုင်စရာရှိသည်။ ထိုသို့သော အကြောင်းအရင်းများကိုအခြေပြုလည်း မြန်မာပြည်၏ပဋိပက္ခဖြစ်စဉ်များကို အိမ်နီးချင်းနိုင်ငံများက မျက်ခြေမပြတ် သတိကြီးကြီးထား စောင့်ကြည့်လျက်ရှိသည်။ credit for photo
Comments