အင်အားချိန်ခွင်လျှာ ၂
- Revolution 4.0

- Mar 23, 2021
- 1 min read

၂၁ရာစုဘက်သို့ ရောက်လာသောအခါ အင်အားကြီးနိုင်ငံများ၏ အင်အားချိန်ခွင်လျှာကစားပွဲများသည် ပလေယာအဖြစ် ကိုယ်တိုင်ပါ၀င် ၀င်ရောက်ကစားသည်ထက် နောက်ကွယ်က လက်မဲကြီးများအဖြစ်သာ ကြိုးကိုင်ကြလေ့ရှိသည်။ အကြောင်းမှာ စစ်ဆိုသည့်သဘောတရားအရ ကိုယ်တိုင်ပါ၀င်တိုက်ခိုက်လျှင် ကောင်းကျိုးထက် ဆိုးကျိုးကများသည်ကို ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့က သမိုင်းတွင်သက်သေပြပြီးဖြစ်သည်။ စစ်ပွဲများတွင် အင်အားကြီးနိုင်ငံများကိုယ်တိုင် ပါ၀င်တိုက်ခဲ့သောကြောင့် သူတို့ကိုယ်တိုင် နိုင်ငံရော၊စနစ်ရောပါ ဖွတ်ဖွတ်ညက်ညက်ကြေခဲ့သည်။ စစ်မြေပြင်ကိုရှောင်ကွင်းပြီး တိုက်သောနည်းများကိုလည်း မေရိကန်တို့စမ်းသပ်ပြီးဖြစ်သည်။ ဥပမာ- ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ။ မေရိကန်တို့သည် မိမိတို့နိုင်ငံကို စစ်မြေပြင်အဖြစ်ကရှောင်ကွင်းပြီး ပစိဖိတ်သမုဒ္ဒရာတစ်ဖက်အခြမ်းတွင် တိုက်ပွဲသဏ္ဍန်ဖော် တိုက်ခိုက်ခဲ့ကြသော်လည်း ပြည်တွင်းတွင် အပြင်းအထန် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ကြုံခဲ့သည်။ ထိုသမိုင်းခန်းစာကြီးကို ကမ္ဘာ့အင်အားကြီး နိုင်ငံအများစုက တဖြည်းဖြည်းနားလည်ကြသည်။ ထို့ကြောင့် ကိုယ်တိုင်ပါ၀င်တိုက်ခိုက်ရသည့် direct warဆိုသည့်ပုံစံမျိုးမှ indirect warလို့ခေါ်တဲ့ တစ်နည်းအားဖြင့် proxy warလို့ခေါ်သည့် တစ်ဆင့်ခံ စစ်ပွဲများကို ဖန်တီးလာကြသည်။ အင်အားကြီးနိုင်ငံနှစ်ခု၏ အားပြိုင်မှုများ၊ မကျေနပ်ချက်များကို အင်အားငယ်နိုင်ငံများပေါ်တွင် ကြားခံစည်း၊ခံစစ်စည်းသဖွယ်အသုံးပြု၍ ကစားပွဲဆင်နွှဲကြသည်။
အနီးစပ်ဆုံး ဥပမာပြရလျှင် - ဆီးရီးယားပြသာနာသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ သမ္မတအာဆက်ကို ရရှားကထောက်ပံ့ပြီး ဆီးရီးယားလွတ်မြောက်ရေးတပ်ကို မေရိကန်တို့က ထောက်ပံ့သည်။ ထောက်ပံ့သည့်ဆိုသည့်နေရာ၌လည်း တစ်ဘက်ဘက်ကို အပြတ်အသတ်နိုင်အောင် အင်ပြည့်အားပြည့်ထောက်ပံ့တာမျိုးထက်၊ မြွေမသေ တုတ်မကျိုး နည်းနာကိုအသုံးပြုပြီး ထောက်ပံ့ခြင်းမျိုးသာဖြစ်သည်။ မေရိကန်တို့အနေဖြင့် ဆီးရီးယားလွတ်မြောက်ရေးတပ်ကို အင်အားအလုံးအရင်းဖြင့်ထောက်ပံ့လိုက်လျှင် အာဆက်အစိုးရကိုဖြုတ်ချဖို့ တစ်နှစ်ထက်ပိုမကြာနိုင်။ ဒီအတိုင်းပင် ရှရှားတို့အနေဖြင့်လည်း အာဆက်အစိုးရကို အပြည့်အ၀ထောက်ပံ့လိုက်လျှင် ဆီးရီးယားလွတ်မြောက်ရေးတပ်ကိုနိုင်ဖို့ ဒီလောက်မကြာ။ သို့သော် နိုင်ငံကြီးများကိုယ်တိုင်က ဆီးရီးယားမြေပေါ်က ပဋိပက္ခကိုအမြန်အဆုံးသတ်ပေးရမယ့်အစား၊ စစ်ပွဲအရှိန်ကို မရှည်၊ရှည်အောင် ဆွဲဆန့်လာကြသည်။ သဘောမှာ ရှရှားနဲ့မေရိကန်တို့သည် သံတမန်နည်းအရ ဆွေးနွေးပွဲများရှိပြီး အဆင်ပြေနေကြလျှင် စစ်ပွဲအရှိန်က အေးဆက်ဆက်ဖြစ်နေတတ်သည်။ သို့သော် ရရှားနဲ့မေရိကန်တို့က သံတမန်နည်းအရ မသင့်မမြတ်ဖြစ်နေကြလျှင် စစ်ပွဲအရှိန်က ပြင်းထန်လာတတ်သည်။ ဒါ့အပြင် မငြိမ်မသက်ဖြစ်နေသော ဆီရီးယားနိုင်ငံသည် အကြမ်းဖက်စစ်သွေးကြွ ISများအတွက် ခြေကုပ်ယူစရာကောင်းသော မဟာဗျူဟာမြောက် စစ်ရေးလှုပ်ရှားရာဒေသဖြစ်လာသည်။ ဆီးရီးယားတွင် ISတို့မင်းမူလာသောအခါ မေရိကန်တို့အနေဖြင့် ဆီးရီးယားလွတ်မြောက်ရေးတပ်ကို ထောက်ပံ့ဖို့အတွက် အာရုံသိပ်မရတော့ပဲ၊ ISတွေကိုသာအဓိက ဦးစားပေးတိုက်ခိုက်ခဲ့ကြသည်။ ကြာလောတော့ အာဆက်အစိုးရက ကူရာမဲ့နေသောလွတ်မြောက်ရေးတပ်တွေကို တဖြည်းဖြည်းအသာစီးရလာသည်။ ဤသည်မှာပင် ဆီးရီးယားသည် နာလန်ပင်မထူနိုင်။
အကယ်၍ဆီးရီးယားတွင်သာ ပြည်တွင်းစစ်ပွဲကြီးတစ်ခုလုံး လျှင်လျှင်မြန်မြန်အဆုံးသတ်သွားရင် အင်အားချိန်ခွင်လျှာညှိဖို့အတွက် နောက်ထပ် "playground"တစ်ခုထပ်ရှာရမည်ဖြစ်သည်။ ဒါ့အပြင် အာဆက်အစိုးနှင့်ဆီးရီးယားလွတ်မြောက်ရေးတပ်များ ပြေပြေလည်လည်ဖြစ်သွားပြန်ရင်လည်း ဆီးရီးယားနိုင်ငံအပေါ် သက်ရောက်နေသော ရှရှားသြဇာနှင့်၊မေရိကန်ဩဇာတို့ပါ နတ္ထိတံသွားနိုင်သည်။ နိုင်ငံကြီးများအနေဖြင့် အခုလိုခေတ်ကာလမျိူးတွင် လက်နက်ထောက်ပံ့ရေးဆိုသည့်အလုပ်ကို ထင်ထင်ပေါ်ပေါ်မလုပ်ရဲကြ။ နောက်ကွယ်ကကြိုးကိုင်သူအဖြစ်သာ လှုပ်ရှားတတ်ကြသည်။ အကြောင်းမှာ ပဋိပက္ခအတွင်းမီးမွှေးပေးသည်ဆိုသည့်ကိစ္စသည် အင်အားကြီးမားလှသော နိုင်ငံအများအဖို့ ကမ္ဘာ့ခေါင်းဆောင်မှုတွင် ဂုဏ်သိက္ခာပိုင်းအရ ကျဆင်းစေသည့်အပြင် ၎င်းတို့ပြည်သူတွေကိုယ်တိုင် ပေးဆောင်ထားသော အခွန်အခများကို တိုင်းတစ်ပါးသားစစ်မြေပြင်ပေါ်တွင် ပုန်းပေါလအော သုံးစွဲရေးဆိုသည်မှာ သက်ဆိုင်ရာတိုင်းပြည်မှ ပြည်သူပြည်သားများကို အလွန်စိတ်ဆိုးဒေါသထွက်စေသည်။ ထို့ကြောင့် အင်ပြည့်အားပြည့်ကူညီသည်ဆိုသည်မျိုးထက် မြွေမသေ တုတ်မကျိုး၊ လူးသာ လွန့်သာ ဖြစ်သည့် အခြေအနေမျိုးထိသာ ပံ့ပိုးကူညီတတ်ကြသည်။ ဤသည်မှာလျှင် proxy war၏ သဘောတရားဖြစ်သည်။
အကျိုးဆက်ကား သူမနိုင်၊ကိုယ်မနိုင်ဖြစ်လာပြီး တိုင်းပြည်နာလာသည်။ စစ်ပွဲရှည်ကြာလာလျှင် နိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးတို့ပါ တစ်ဖြည်းဖြည်း လုံးပါးပါးလာပြီး တိုင်းပြည်ရဲ့စနစ်တစ်ခုလုံးပါ fail stateဖြစ်သွားသည်။ ထိုသို့သော ရိုက်ခတ်မှုများသည် ဆီးရီးယားတစ်နိုင်ငံတည်းနဲ့ပြီးမသွား။ သူနဲ့ထိစပ်ရာ နိုင်ငံတစ်ကာ ဒေသအသိုက်အ၀န်းအတွင်းပါ မငြိမ်မသက်ဖြစ်လာသည်။ ဥပမာ - ဆီးရီးယားနိုင်ငံမှ စစ်ဘေးရှောင်အများစုသည် တူရကီ၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီတို့အထိ ထွက်ပြေးတိမ်းရှောင်ကြသောကြောင့် EUရဲ့ လှု၀င်မှုကြီးကြပ်ရေးစနစ်ပါရိုက်ခတ်လာသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံမှာ စစ်ပွဲဖြစ်လာလျှင် ထိုတစ်နိုင်ငံတည်းနဲ့ပြီးမသွား၊ ဒေသတွင်းနိုင်ငံတစ်ချို့ပါ မငြိမ်မသက်ဖြစ်ကြရသည်။ credit for photo







Comments