top of page

တောင်ကြီးလူမျိုးပေါင်းစုံ ညီလာခံ

  • Writer: Revolution 4.0
    Revolution 4.0
  • Mar 25, 2021
  • 2 min read

Updated: Oct 5, 2021



၁၉၄၇အ‌ခြေခံဥပဒေတွင် ပင်လုံစာချုပ်ပါကတိက၀တ်တွေဆုံးရှုံးနေတဲ့အတွက် ၁၉၆၁ခုနှစ် တောင်ကြီးမြို့တွင် ယနေ့ပြည်နယ်ရနေသော တိုင်းရင်းသားများအပါအ၀င် အခြားတိုင်းရင်းသားလူမျိုးစုများကလည်း ဖက်ဒရယ်မူသဘောတရားများနှင့်ပတ်သတ်၍ ကြေညာချက်တစ်စောင် တင်သွင်းခဲ့သည်။

ဆွေးနွေးပွဲအစတွင်ပင် ၁၉၄၇အခြေခံဥပဒေကို ဖော်ဆောင်ခဲ့သော ဖဆပလအစိုးရ၏အားနည်ချက်အား ဝေဖန်မှုဖြင့် စတင်ခဲ့သည်။ ဖဆပလဖော်ဆောင်ခဲ့သော အခြေခံဥပဒေတွင် ဗဟိုအစိုးရသည် လုပ်ပိုင်ခွင့်အာဏာများကို အလွန်အကျွံယူထားတဲ့အတွက် ပြည်ထောင်စုစနစ်ဖြစ်ရမယ့်အစား လက်တွေ့တွင် တစ်ပြည်ထောင်စနစ်ဖြစ်နေသည့်အတွက်ကြောင့် "ပြည်ထောင်စုမူ စစ်စစ်"ဖြစ်အောင် ဘေးနားကကွင်းစကွင်းပိတ်နဲ့ အဂ်လိပ်လို "federal"စနစ်ဖြစ်အောင် အောက်ပါအတိုင်း ပြင်ဆင်ရမယ်ဆိုပြီး ပြင်ဆင်ချက် ၉ကို အဆိုပြုပါတယ်။ ဗမာသမိုင်းဆရာများကတော့ အချက်၇ချက်သာပါရှိတယ်လို့ဖော်ပြခဲ့ပြီး တိုင်းရင်းသားသမိုင်းဆရာများကတော့ အချက် ၉ချက်ပါရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။


၁။ ရှစ်ပြည်နယ်မူ (ဗမာပြည်နယ်ဖွဲ့စည်းရေး)

တိုင်းရင်းသားတွေတောင်းဆိုတာက ဗမာအနေဖြင့် ကိုယ့်ကိုကိုယ်လူမျိုးတစ်မျိုးလို့ ယူဆရင် နယ်မြေကျဉ်းတာကျယ်တာ၊ လူဦးရေနည်းတာ များတာကို အပထားပြီး ဗမာပြည်နယ်ဆိုပြီး သက်သက်တစ်ခုဖွဲ့စည်းရန်ဖြစ်တယ်။ ဥပမာ မေရိကန်မှာဆို ကယ်လီဖိုးနီးယားတို့၊ တက္ကဆပ်တို့ဆို နယ်မြေအကျယ်ကြီးဖြစ်ပြီး အလက်စကာတို့ကျတော့ ကျဉ်းကျဉ်းလေးဖြစ်တယ်။ ဗမာပြည်နယ်ဖွဲ့စည်းခိုင်းတာကလည်း သူ့အကြောင်းနှင့်သူဖြစ်တယ်။ တစ်ခြားတိုင်းရင်းသားတွေက သူ့ပြည်နယ်နှင့်သူဖြစ်တာကြောင့် သက်ဆိုင်ရာပြည်နယ်အလိုက် ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရဆိုပြီးရှိတယ်။ ဒါပေမဲ့ ဗမာလူမျိုးတွေကျ‌တော့ ပြည်နယ်မရှိတဲ့အတွက် သီးခြားဗမာလွှတ်တော်ဆိုပြီးမရှိသလို၊ ဗမာအစိုးရဆိုတာလည်းမရှိဘူး။ ဒီတော့ အပေါ်ယံကြည့်လိုက်ရင် ဗမာတွေက အနစ်နာခံသလိုသဘောမျိုးပေါက်နေပေမယ့် တစ်ကယ်တမ်းသေချာတွေးကြည့်မယ်ဆိုရင် ပြည်ထောင်စုအာဏာကို ဗမာတွေကမလှိမ့်တပတ်နဲ့အသားစီးယူလိုက်တာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့အပေါ်စီးမှာရောက်နေတယ်။ ဒါကြောင့် တိုင်းရင်းသားတွေက ဗမာပြည်နယ်ဆိုပြီး သပ်သပ်တစ်ခုဖွဲ့စည်းခိုင်းတာဖြစ်တာကြောင့် နဂိုရှိပြီးသား ပြည်နယ် ၇ ခုရယ်၊ ထပ်ပြီးဖွဲ့စည်းရမယ့် ဗမာပြည်နယ်တစ်ခုရယ်ဆို စုစုပေါင်း ၈ပြည်နယ်။ ဒီအချက်ကိုအတိုချုပ်ပြီး ၈ပြည်နယ်မူအကောင်အထည်ဖော်ရန်


၂။ ပြည်နယ်တိုင်း တန်းတူညီမျှရရှိရေး

ပြည်နယ်တိုင်းသည် နယ်မြေကျဉ်းတာ ကျယ်တာ၊ လူဦးရေနည်းတာများတာကို အဓိကမထားပဲ တူညီတဲ့ အခွင့်အရေးကိုပေးရန်။


၃။ ပြည်နယ်တစ်ခုချင်းစီတိုင်းတွင် ပြည်နယ်အခြေခံဥပဒေရေးဆွဲခွင့်ပြုရေး

ပြည်နယ်တိုင်းသည် သက်ဆိုင်ရာလူမျိုးစု နယ်မြေဒေသ နောက်ခံသမိုင်းကြောင်းကိုလိုက်၍ ပြည်နယ်အခြေခံကိုရေးဆွဲကြခြင်းဆိုဆိုလိုသည်။ ဥပမာ - မေရိကန်ပြည်ထောင်စုရှိ ဗာဂျီးနီးယားပြည်နယ်‌မှာဆိုရင် ဆေးရွက်ကြီးစိုက်ပြီး စီးပွားရေးလုပ်ရတာကြောင့် ဆေးရွက်ကြီးနဲ့ပတ်သတ်ပြီး အခွန်အခနှုန်းထားကို တစ်ခြားပြည်နယ်နဲ့မတူအောင် လျော့ပေးထားရမယ်လို့ ဗာဂျီးနီးယားပြည်နယ်မှာ ပြဌာန်းထားတယ်။ ဒါ့အပြင် ကယ်လီဖိုးနီးယားမှာဆိုရင်လည်း လူဆိုး၊သူခိုးတွေပေါတာကြောင့် တစ်ခြားပြည်နယ်တွေလိုမဟုတ်ပဲ ကယ်လီဖိုးနီးယား ပြည်နယ်အတွင်းမှာပဲ သေနတ်ကိုင်ဆောင်ခွင့်ပေးထားတယ်။ ဒါ့ကြောင့် ပြည်ထောင်စုစနစ်မှာလည်း သက်ဆိုင်ရာပြည်နယ်ရဲ့ နောက်ခံသမိုင်းကြောင်းထူးခြားချက်များကို လိုက်၍ ပြည်နယ်အခြေခံဥပဒေ ရေးဆွဲခွင့်ပေးရန်။


၄။ အထက်လွှတ်တော်သို့ ပြည်နယ်များမှ တူညီသော ကိုယ်စားလှယ် စေလွှတ်ရေး

အထက်လွှတ်တော်သည် လူမျိုးစုလွှတ်တော်ဖြစ်တဲ့အတွက်ကြောင့် နယ်မြေကျဉ်းတာကျယ်တာ၊ လူဦးရေနည်းတာ များတာကို ဘေးဖယ်ထားပြီး သက်ဆိုင်ပြည်နယ်အသီးသီးမှ တူညီတဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို အထက်လွှတ်တော်သို့စေလွှတ်ရန်။


၅။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကို လုပ်ပိုင်ခွင့်အာဏာအတူပေးရေး

သဘောမှာ အထက်လွှတ်တော်ဖြစ်တဲ့ လူမျိုးစုလွှတ်တော်ကိုလည်း ဥပဒေပြုခွင့်အာဏာပေးပြီး၊ အောက်လွှတ်တော်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုလည်း ဥပဒေပြုခွင့်အာဏာတန်းတူညီမျှပေးရန်။


၆။ ဗဟိုအစိုးရလို့ခေါ်တဲ့ပြည်ထောင်စုအစိုးရကို အောက်ပါဌာနများလွှဲအပ်ပြီး ကျန်ရှိနေသော အာဏာနှင့်လုပ်ပိုင်ခွင့်များကို ပြည်နယ်အစိုးရထံပေးအပ်ရေး

ပြည်ထောင်စုအစိုးရတွင် လုပ်ပိုင်ခွင့်အပြည့်ရှိသော ဌာနများမှာ - နိုင်ငံခြားဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ငွေဒဂါးနှင့် ငွေစက္ကူထုတ်ဝေရေး၊ စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေး၊ ရထား ရေကြောင်း လေကြောင်း ဆက်သွယ်ရေး၊ တရားစီရင်ရေး၊ ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေးတို့ဖြစ်တယ်။ ကျန်ရှိနေတဲ့ ပညာရေး၊ကျန်မာရေး၊ဆောက်လုပ်ရေး၊သံယဇာတတူးဖော်ရေး စသဖြင့်ကျန်ရှိနေသော လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်အစိုးရထံအပြည့်အ၀လွှဲပြောင်းရန်။


၇။ ပြည်ထောင်စုဘဏ္ဌာတော်ကိုမျှတစွာ ခွဲဝပေးရန်

အဓိကအားဖြင့် resources sharing and tax sharingကိုဆိုလိုတာဖြစ်တယ်။ မြန်မာပြည်မှာ ၁၉၇၄ဖွဲ့စည်းပုံက တစ်ပြည်ထောင်စနစ်ကိုအခြေခံထားတာဖြစ်တဲ့အတွက် ထည့်စဉ်းစားစရာလိုဘူး။ ဒါပေမဲ့ ပြည်ထောင်စုအမည်ခံ ဖွဲ့စည်းပုံတွေဖြစ်တဲ့ ၁၉၄၇ ၊၂၀၀၈ အ‌ခြေခံဥပတွေမှာတော့ ဗဟိုအစိုးရကသာ ဘဏ္ဍာရေးနှင့်သယံဇာတ ခွဲဝေးရေးကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတယ်။ ဒါကြောင့် ပြည်ထောင်စုမှာတည်ရှိနေတဲ့ ပြည်နယ်အသီးသီးကို ဘဏ္ဌာရေးကိစ္စနဲ့ပတ်သတ်ပြီး မျှတစွာခွဲဝေ သုံးစွဲခွင့်ပြုရန်။


၈။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အ၀ပေးရန်။

၁၉၄၇အခြေခံဥပဒေမှာ လုံး၀ကိုလစ်ဟာနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုင်းရင်းသားပြည်နယ်များတွင် အပြည့်အ၀ကျင့်သုံးခွင့်ပေးရန်။


၉။ ပြည်ထောင်စုမှ ခွဲထွက်လိုက ခွဲထွက်ခွင့်ပြုရေး

၁၉၆၁တောင်ကြီးညီလာခံဆိုတာက ၁၉၄၇အခြေခံဥပဒေမှာဆုံးရှုံးနေသော တိုင်းရင်းသားအခွင့်အရေးတွေအတွက် ပြန်လည်ပြင်ဆင်တာဖြစ်တဲ့အတွက်ကြောင့် ပင်လုံစာချုပ်ပါကတိက၀တ်တွေကို တိုင်းရင်းသားတွေအနေနဲ့ခံစားခွင့်မရခဲ့ဘူး။ ဒါကြောင့်လည်း အခုတစ်ခါမှာသာ ဒီလိုမျိုးကတိက၀တ်တွေဖောက်ဖျက်လာရင်ဆိုတဲ့ သံသယရှိလာတဲ့အတွက် အခွင့်အရေးတစ်ခုအနေနဲ့ကိုင်ထားချင်တာမျိုးဖြစ်နိုင်တယ်။ ဒါကြောင့် တိုင်းရင်းသားတွေကို ပြည်ထောင်စုမှခွဲထွက်လိုပါက ခွဲထွက်ခွင့်ပေးရန်။


စသဖြင့် အချက်၉ချက်ပါ တိုင်းရင်းသားများအခေါ် "ဖက်ဒရယ်မူ"၊ ဗမာများကအလွယ်ခေါ်ကြသည့် "ရှမ်းမူ"ဆိုသည့် ပြင်ဆင်ချက်ကြီးကို ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ အဆိုပြုတင်သွင်းခဲ့ကြသည်။ အဲ့ဒီပြည်ထောင်စုမူဆိုတဲ့အဆိုပြုချက်ကို ရှမ်း၊ကယား၊မွန်၊ရခိုင်တို့ကထောက်ခံခဲ့ပြီး ကချင်နှင့်ချင်းကတော့ ပြည်ထောင်စုမူပြင်ဆင်ချက်ကို လတ်တလောအချိန်မှာ ပြင်ဆင်ဖို့ အချိန်အားဖြင့်စောလွန်းကြောင်း၊ပြင်ဆင်ရန်မသင့်သေးကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကချင်နဲ့ချင်းအ‌နေဖြင့် ဒီပြင်ဆင်ချက်ဟာ ပြည်ထောင်စုကြီးကို ပြိုကွဲစေမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း သဘောတူခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၆၂ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ရန်ကုန်မြို့ ပြည်လမ်းရှိ အသံလွှင်ရုံအတွင်း ပထစအစိုးရ ၀န်ကြီးချုပ်ဦးနုက ဖက်ဒရယ်ဆွေးနွေးပွဲအတွက် မိန့်ခွန်းပြောကြားဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲ့ဒီဆွေနွေးပွဲမှာ အစိုးရတာ၀န်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမျိုးစုတိုင်းရင်းသားပေါင်းစုံ တတ်ရောက်ခဲ့ပေမယ့် အစိုးရအနေနဲ့ စစ်တပ်ခေါင်းဆောင်တွေကိုဖိတ်ကြားခဲ့ခြင်းမရှိတဲ့အတွက် စစ်တပ်ကကိုယ်စားလှယ်တွေ ဆွေးနွေးပွဲကိုမတတ်ရောက်ခဲ့ပါဘူး။ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၁၉၆၂ မတ်လ ၁ရက်နေ့မှာ ဆက်လက်ကျင်းပခဲ့ပါတယ်။ တတိယအကြိမ်ဆွေးနွေးပွဲကို ၁၆၉၂ မတ်လ ၇ရက်နေ့မှာ ကျင်းပဖို့သတ်မှတ်ခဲ့ပေမယ့် နောက်‌တစ်နေ့ ၁၉၆၂ မတ်လ ၂ရက်နေ့အရောက်မှာပဲ ပြည်ထောင်စုပြိုကွဲမည်စိုး၍ အရေးပေါ်အာဏာသိမ်းလိုက်ရပါသည်ဆိုပြီး စစ်တပ်က နိုင်ငံတော်အာဏာအတင်းအဓမ္မ သိမ်းယူခဲ့ပါတယ်။ ဒါလိုနဲ့ပဲ ရှမ်းပြည်နယ်အစိုးရက ကမကထပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုပြင်ဆင်ချက်ဆွေးနွေးပွဲပြီးဟာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပါတယ်။

တစ်ခုအငြင်းပွားစရာရှိတာက ဗမာသမိုင်းဆရာတွေက တောင်ကြီးညီလာခံမှာကျင်းပခဲ့တဲ့ ပြည်ထောင်စုမူဟာ အချက် ၇ချက်တည်းပါတယ်လို့ပြောပြီး၊ တစ်ချို့သမိုင်းဆရာတွေက ၅ချက်တည်းပါတယ်လို့ပြောကြတာတောင်ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားသမိုင်းပညာရှင်တွေကတော့ ၉ချက်ပါလို့ အခိုင်အမာဖြေရှင်းချက်ထုတ်ပါတယ်။ သို့သော် ကွဲပြားမှူတွေထဲမှာ အားလုံးပါ၀င်တဲ့အချက်ကတော့ နံပါတ် ၁၊ ၄၊ ၅၊ ၇၊ ၆ တို့ဖြစ်ပါတယ်။


သတိထားစရာတစ်ခုအနေနဲ့ ဖက်ဒရယ်မူ၉ချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ ခွဲထွက်ရေးဆိုတာကိုတော့ တိုင်းရင်းသားနိုင်ငံရေးသမားတွေနဲ့ဗဗာနိုင်ငံရေးသမားတွေ မီးခိုးမဆုံး မိုးမဆုံးငြင်းကြမှာက သံသယရှိစရာမလိုပါဘူး။ ဒါပေမဲ့ နံပါတ် ၁အချက်ဖြစ်တဲ့ ၈ပြည်နယ်မူဖွဲ့စည်းရေးကို NLDအစိုးရလက်ထက် ၂၁ရာစုပင်လုံမှာဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ပေမယ့် NLDအစိုးရက တိုင်း၇တိုင်းကိုပေါင်းပြီးတော့ ဗမာပြည်နယ်အဖြစ်ဖွဲ့စည်းဖို့ကိုတော့ သိပ်ဘဘောမတူချင်ဘူးလို့ တိုင်းရင်းသားတွေဘက်က ပြောကြားခဲ့ပါတယ်။ ဒါဟာ NLDအနေနဲ့ ဘာကြောင့်သဘောမတူတာလဲဆိုတာကတော့ စိတ်၀င်စားစရာကောင်းပါတယ်။ သူတို့ကိုယ်တိုင် မဟာ‌ဗမာလူမျိုးကြီးဝါဒ၀င်နေတာလား ဒါမှမဟုတ် အုပ်ချုပ်ရေးပိုင်းမှာ အခက်အခဲရှိနေတာလားဆိုတဲ့ ကိစ္စကလည်း စဉ်းစားစရာပါ။ credit for photo

Comentários


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page