အင်အားချိန်ခွင်လျှာ ၃
- Revolution 4.0
- Mar 24, 2021
- 2 min read

မြန်မာ့အရေးသည်လည်း အင်အားကြီးနိုင်ငံနှစ်ခု၏ အင်အားချိန်ခွင်လျှာညှိရန်အတွက် ကြားခံ စစ်မြေမျက်နှာပြင်အဖြစ် အသုံးတော်ခံဖို့ အခြေအနေများက တွန်းပို့နေကြပြီဖြစ်သည်။ တစ်ခုသတိချပ်ရမည်ကား မြန်မာပြည်သာ ပြည်တွင်းစစ်အကြီးအကျယ်ဖြစ်လာမည်ဆိုလျှင် အာဆီယံဒေသရပ်၀န်းကြီးတစ်ခုပါ မငြိမ်မသက်ဖြစ်လာမည်ဖြစ်သည်။ အကြောင်းမှာ နိုင်ငံတစ်ခုတွင် စစ်ပွဲတစ်ပွဲဖြစ်လာပြီဆိုလျှင် ၎င်း၏အိမ်နီးချင်းနိုင်ငံများမှာ လက်နက်တင်ပို့ရာ မှောင်ခိုလမ်းကြောင်းများဖြစ်သွားတတ်၏။ ထိုအခါ မှောင်ခိုဈေးကွက်တည်ရှိသာနိုင်ငံသည် အေးချမ်းတည်ငြိမ်သော ပဋိပက္ခကင်းသောနိုင်ငံဖြစ်လျှင် သိပ်ကိစ္စမရှိ။ သို့သော် ထိုနိုင်ငံကိုယ်တိုင်က မငြိမ်မသက်ဖြစ်နေလျှင် သို့မဟုတ် အတွင်းကြေဖြစ်နေသော စိတ်ဒဏ်ရာများရှိနေလျှင် ၎င်းတိုင်းပြည်ကိုယ်တိုင်ပါ ယင်းတို့၏တည်စဲအစိုးရကို လက်နက်ကိုင်ပုန်ကန်သည့် အခြေအနေများဖြစ်သွားတတ်သည်။
မြန်မာပြည်၏ လက်တွေ့အခြေအနေသည်လည်း ထိုနည်းအတူပင်ဖြစ်သည်။ မြန်မာပြည်နှင့် နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယပြည်နယ်သည် ယေဘုယျအားဖြင့် တည်ငြိမ်သည်ဆိုသောလည်း နယ်စပ်၏တစ်ချို့တစ်နေရာများတွင် အကြွင်းအကျန်လက်နက်ကိုင်တပ်များရှိသေးသည်။ ထိုလက်နက်ကိုင်များသည် အင်အားအနေဖြင့်မရှိတော့သော်လည်း တောပုန်းဓားမြများအဖြစ်တော့ ကျန်ရစ်သေးသည်။ အကယ်၍ မြန်မာပြည်တွင်သာ ပြည်တွင်းစစ်ဖြစ်လာပါလျှင်မူ ထိုတောပုန်းဓားမြများမှာ လက်နက်မှောင်ခိုလမ်းကြောင်းကို အခွင့်ကောင်းယူ၍ သူတို့အင်အားကိုပြန်လည်တည်ဆောက်နိုင်သည်။ ထိုအခါ အိန္ဒိယပြည်ကြီးပါ မငြိမ်မသက်ဖြစ်လာနိုင်သည်။ ရခိုင်ပြည်အနောက်ဘက် ဘဂ်လားဒ်ေရှ့်သည်လည်း ယခုလက်ရှိအစိုးရကိုဆန့်ကျင်သော အတိုက်အခံအချို့ကလည်း နယ်စပ်တွင်လက်နက်ကိုင်တော်လှန်ကြသည်။ သူတို့လည်း အင်အားမစုမိသေး။ မြန်မာပြည်သာ မငြိမ်မသက်ဖြစ်လာခဲ့လျှင် ဘဂ်လားဒ့်တော်လှန်ရေးသမားတွေပါ အင်အားကြီးထွားလာနိုင်သည်။ ယခုရခိုင်ပြည်နယ်ဘက်တွင် ထွက်ပြေးသော ဒုက္ခသည်အရေးနှင့်ပတ်သတ်၍ ဘဂ်းလားဒ်ေ့ရှ်အစိုးရက နိုင်ငံတစ်ကာတွင် ထဲထဲ၀င်၀င် ပါ၀င်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ မြန်မာနိုင်ငံကိုမုန်းလွန်း၍မဟုတ်သလို၊ ရခိုင်ပြည်နယ်မှထွက်ပြေးလာသော ဒုက္ခသည်များကိုချစ်လွန်း၍မဟုတ်။ ဘဂ်လားဒ်ေရှ့်အစိုးရကား မပြီးပြတ်သတ်သေးသော သူ၏ပြည်တွင်းရေးကိစ္စများရှိသေးသည့်အပြင် မြန်မာပြည်နယ်စပ်ဒေသအား အထူးတည်ငြိမ်ဖို့အတွက် ကြိုးစားလျက်ရှိသည်။ အကယ်၍ မြန်မာ-ဘဂ်လားဒ့်ေရှ်နယ်စပ်သာ ယခုအခြေအနေများအတိုင်း ရှေ့လျှောက်မငြိမ်မသက်ဖြစ်နေလျှင် အစွန်းရောက်အတိုက်အခံပါတီအတွက် လက်နက်ကိုင်တော်လှန်ရန် လမ်းကြောင်းဖွင့်ပေးနေသလိုဖြစ်နေသည်။ ထိုကြောင့် မြန်မာပြည်မတည်မငြိမ်ဖြစ်မည်ကို အိန္ဒိယနှင့်ဘဂ်လားဒ်ေရှ့်တို့က အထူးစိုးရိမ်လျက်ရှိသည်။
နောက်ထပ် မြန်မာပြည်အရေး ရတက်မအေးဖြစ်သည်မှာ အိမ်နီးချင်းပေါက်ဖော်တရုတ်ကြီးကိုယ်တိုင်ပင်ဖြစ်သည်။ ပေါက်ဖော်ကြီးစိတ်မချမ်းမသာဖြစ်ရသည်မှာ မြန်မာပြည်သူပြည်သားများအတွက်လည်းမဟုတ်၊ NLDပါတီအတွက်လည်းမဟုတ်၊ စစ်ခေါင်းဆောင်တွေအတွက်လည်းမဟုတ်၊ တရုတ်အမျိုးသားအကျိုးစီးပွားအတွက်သာဖြစ်သည်။ တရုတ်ပြည်သည် ကမ္ဘာနိုင်ငံပေါင်း ၁၃၀ကျော်ကိုဆက်သွယ်ပေးမည့် BRIလို့ခေါ်သည့် ရပ်၀န်းလမ်းကြောင်း (သို့) ခေတ်သစ်ပိုးမလမ်းကြီးကို အကောင်အထည်ဖော်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။ ထို BRIစီမံကိန်းတွင် မြန်မာပြည်က ပထဝီအနေအထားအရ အချက်အချာကျနေသည်။ ထို့ကြောင့် BRIစီမံကိန်းကိုအကောင်အထည်ဖော်ဖို့အတွက် မြန်မာပြည်အစိုးရအနေဖြင့် ပူပေါင်းဆောင်ရွက်ဖို့လိုသလို၊ မြန်မာပြည်တွင်လည်း တည်ငြိမ်မှုတစ်စုံတစ်ရာ ရှိဖို့လိုအပ်သည်။ BRIရဲ့ အဓိက ပထမဆက်ကြားလမ်းမကြီးသည် မူဆယ်-မန္တလေး လမ်းပိုင်းဖြစ်သည်။ ထိုလမ်းပိုင်းတွင် လက်နက်ကိုင်လှုပ်ရှားနေကြသော တိုင်းရင်းသားအဖွဲ့ပေါင်း ၁၀ဖွဲ့နီးပါးလောက်ရှိသည်။ အကယ်၍ ထိုလမ်းပိုင်းတွင်သာ စစ်တပ်နဲ့တိုင်းရင်းသားတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားမည်ဆိုလျှင် အရင်ဆုံးစိုးရိမ်သောက ရောက်မည်မှာ တရုတ်ပြည်မကြီးပင်ဖြစ်သည်။
ထို့ကြောင့် တရုတ်အမျိုးသားအကျိုးစီးပွားကာကွယ်ရေးအတွက် တရုတ်ပြည်မကြီးအနေဖြင့် မြန်မာပြည်တွင် တည်ငြိမ်မှုတစ်စုံတစ်ရာရှိဖို့ မျှော်လင့်နေသည်။ "တည်ငြိမ်မှုတစ်စုံတစ်ရာ"ဟုပြောဆိိုရခြင်းမှာ တရုတ်ပြည်မကြီးအနေဖြင့် မြန်မာပြည်၏လုံး၀တည်ငြိမ်မှုကိုလည်း မလိုလား၍ဖြစ်သည်။ တရုတ်ပြည်သည် မြန်မာပြည်ပြည်တွင်းရေးနှင့်ပတ်သတ်၍ သူသာအရှင်သခင် သူသာကြား၀င်ညှိုနှိုင်းပေးသူဖြစ်လိုသည်။ ထို့ကြောင့် သူ၏ဩဇာကိုဖြန့်ကျက်နိုင်ရန်အတွက် မြန်မာပြည်လက်နက်ကိုင်တိုက်ပွဲများတွင် သမိုင်းကြောင်းအရ ဗမာပြည်ကွန်မြူနစ်ပါတီခေတ်ကနေ ယခုအချိန်ထိ မြန်မာပြည်မြောက်ပိုင်းတွင် တည်ရှိသော လက်နက်ကိုင်တိုင်းရင်းသားများကို အင်အားအလုံးအရင်းဖြင့်ထောက်ပံ့ခဲ့သည်။ အဓိကအားဖြင့် UWSA၊ KIA၊ TNLA၊ MNDAAတို့ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်လည်း တရုတ်နဲ့သတိကြီးကြီးထားဆက်ဆံကြသည့်အပြင် တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေးပျက်ပြားသွားမည်ဆိုရင်လည်း ၎င်းတို့လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ပါ ကျဆုံးသွားနိုင်သည့် အခြေအနေမျိုးထိ စိုက်ရောက်နိုင်သည်ကို ကောင်းစွာသဘောပေါက်နားလည်ထားကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီဆိုလျှင် တရုတ်ပြည်နဲ့ဆက်ဆံရေးပျက်ပြားသွားသည့်အတွက် ပါတီတွင်းအာဏာသိမ်းပွဲနှင့်ကြုံတွေ့ခဲ့ရပြီး တရုတ်ပြည်ထဲခွေးပြေး ၀က်ပြေး ထွက်ပြေးခဲ့ရသည်။ ထို့နောက် ဗကပ၏လက်နက်ကိုင်လမ်းစဉ်ပါချုပ်ငြိမ်းသွားခဲ့ရသည်။ ဤသို့သော သာဓကများသည် မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအဖို့ အထူးသတိထားစရာ သမိုင်းသင်ခန်းစာကြီးဖြစ်နေသည်။
ထို့ကြောင့်လည်း မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် တွင် တရုတ်ပြည်၏ဩဇာသက်ရောက်မှုသည် အလွန်အရေးကြီးသောကဏ္ဍတွင်တည်ရှိနေသည်။ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်သည်ပင် တရုတ်ပြည်မကြီးသဘောမတူလျှင်အောင်မြင်ဖို့ အလှမ်းဝေးလွန်းသည်ဟု ပြောဆိုခန့်မှန်းနေကြသည်မျိုးလည်းရှိသည်။ ထိုခန့်မှန်းချက်များသည်လည်း အထိုက်အလျောက် ဖြစ်နိုင်ချေရှိသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၆၂ခုနှစ် တရုတ်-ဗမာအရေးအခင်းနှင့်ပတ်သတ်၍ မဆလအစိုးရနှင့်တရုတ်ကွန်မြူနစ်ပါတီတို့ သဘောထားတင်မားကြသောအခါ တရုတ်ပြည်အနေဖြင့် ဗကပများကို အင်အားအလုံးအရင်းဖြင့်ထောက်ပံ့ပြီး "အရှေ့မြောက်စစ်ဒေ"ဟုခေါ်သည့် ဗျူဟာမြောက် စစ်မြေပြင်တစ်ခုကို မြန်မာဘက်မှပေးဆပ်လိုက်ရသည်။ ဒါ့အပြင် ၈၈နောက်ပိုင်း တရုတ်အစိုးရနှင့် န၀တ/နအဖ အစိုးရတို့ အစေးကပ်နေသောအခါ စစ်တပ်နှင့်မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ အတော်အသင့်တိုက်ပွဲများ ချုပ်ငြိမ်းခဲ့သည်။ သို့သော် ၂၀၁၀နောက်ပိုင်း မြစ်ဆုံရပ်ဆိုင်းရေးကိစ္စနှင့်ပတ်သတ်ပြီး ဦးသိန်းစိန်အစိုးရနှင့်တရုတ်အစိုးရတို့ အခွာအပြဲဖြစ်ကြသောအခါ မြောက်ပိုင်းရှိတိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြန်သည်။ ၂၀၁၅နောက်ပိုင်း ၂၁ရာစုပင်လုံဆိုသည့် ခေါင်းစဉ်အောက်တွင် NLDအစိုးရအနေဖြင့် "၀"ခေါင်းဆောင်များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတတ်ဖို့ ဖိတ်ကြားခဲ့သော်လည်း "၀"ဘက်မှ မတတ်ရောက်နိုင်ဟု ငြင်းဆိုခဲ့သည်။ သို့သော် ဆွေးနွေးပွဲနေ့သို့ရောက်သောအခါ တရုတ်ပြည်မှ ရဟတ်ယာဉ်တစ်စင်းလွှတ်၍ ဆွေးနွေးပွဲကို မဖြစ်မနေတတ်ရောက်ရမည်ဟုဆိုလိုက်သောအခါ "၀"ခေါင်းဆောင်များသည် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။ ထိုသို့သော အခြေအနေများကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်၏ပြည်တွင်းရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တရုတ်အစိုးရအနေဖြင့် မည်မျှဩဇာသက်ရောက်မှုရှိသည်ကို ခန့်မှန်းနိုင်လိိမ့်မည်ဖြစ်သည်။
ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် မြန်မာပြည်၏ပြည်တွင်းရေးကို ကြိုက်သလိုအကွက်ချ ချယ်လှယ်နိုင်ရန်အတွက် သူ၏နယ်ရုပ်ကလေးများကို မြန်မာမြောက်ပိုင်းတွင် အများအပြားဖြန့်ကျက်ထားသည်။ သို့သော်လည်း မြန်မာပြည်အနေဖြင့် ဆီးရီးယား၊အီရတ်၊ အာဖဂန်တစ္စတန်တို့လို ဖြစ်မည့်အရေးကိုလည်း တရုတ်တို့က အထူးစိုးရိမ်သည်။ တည်ငြိမ်မှုမရှိသော၊ ငြိမ်းချမ်းမှုမရှိသော ဒေသတွင် မည်သည့်စီးပွားလုပ်ငန်းရှင်မှ လာရောက်ရင်းနှီး မမြှပ်နှံလိုချေ။ အထူးသဖြင့် BIRလို ကမ္ဘာပတ်လမ်းကြောင်း တည်ရှိရန်အတွက် အချက်အချာကျသော မြန်မာနိုင်ငံသာ ပြည်တွင်းစစ်ဖြစ်လာမည်ဆိုလျှင် မည်သည့်ကုန်စီးဆင်းမှုမှ ရှိတော့မည်မဟုတ်ပဲ တရုတ်ရဲ့စီမံကိန်းအများစုပါ အကောင်အထည်ပေါ်တော့မည်မဟုတ်ချေ။ ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် မြန်မာပြည်တွင်ရှိနေသောသူ၏ဩဇာလက်တံကိုဆက်လက်ဖြန့်ထားနိုင်ရန်အတွက် မြန်မာပြည်၏ထာ၀ရငြိမ်းချမ်းရေးဆိုတာကို သိပ်ဘ၀င်မကျသလို၊ စစ်မြေပြင်တလင်းကဲ့သို့ မွစာကြဲနေမည့် မြန်မာပြည်အခြေအနေကိုလည်း တရုတ်တို့အနေဖြင့် မနှစ်မြို့ချေ။ ထို့ကြောင့်လည်း မြန်မာပြည်နဲ့ပတ်သတ်လာလျှင် တရုတ်ပြည်၏ နိုင်ငံခြားရေး ပေါ်လစီမှာ "မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်"နှင့် "မြွေမသေ၊ တုတ်မကျိုး" နည်းနာပင်ဖြစ်သည်။
credit for photo
Comentários